မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ(မူကြမ်း)၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့်မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ (မူကြမ်း)၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်း၍ ယနေ့ နေ့လည် (၁၃း၀၀)နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင်အမှတ်(၄) ဧည့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေမှ အဖွင့်အမှာ စကားပြောကြား ရာတွင် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း)၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအနေဖြင့် အားလုံး အပြုသဘော ဝိုင်းဝန်း ပူးပေါင်း ဆောင် ရွက် ပေးကြဖို့ မေတ္တာရပ်ခံပါကြောင်း တိုက်တွန်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းညှိနှိုင်းအစည်းအဝေးသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ အမျိုးသမီးအဖွဲ့အစည်း/ကွန်ရက်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး အစည်းအဝေးကို  နေ့လည်  (၁၅း၃၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်

 

 

 

Standard (Image)