ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး တောင်ငူနှင့် ရေနီမြို့ တို့၌ ဒေသခံပြည်သူများအား တွေ့ဆုံအမှာ စကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်း ခန်းမ၌ ဒေသခံပြည်သူများ အား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး    ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖ များနှင့် ဒေသခံပြည်သူ များတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ သည် နိုင်ငံအတွက် အလွန် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များသာမက တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲအောင်မြင် အဆင်ပြေရန် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရွေးကောက်ပွဲကော်မရှင်ကိုသာ ပုံပြီး လွှဲထား၍ မရပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စီမံခန့်ခွဲရေး ကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများအပါအဝင် မြို့နယ် အတွင်းရှိ နိုင်ငံရေး ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ၊ ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ရွေးကောက်ပွဲ၌ မိမိတို့ရွေးချယ်မှု မှန်ကန်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ ရွေးချယ် လိုက်သူသည် မိမိနိုင်ငံနှင့်မိမိဒေသကို အကျိုးပြုနိုင်သူဖြစ်ရန် လိုကြောင်း၊ တောင်ငူ ခရိုင် အတွင်းရှိ မြို့နယ်များမှစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများသည် ရွေးကောက်ပွဲတွင် စီမံ ခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့်လုံခြုံရေးအပိုင်းကို အဓိကတာဝန်ယူကြမည့်သူများဖြစ်၍ အရေးကြီး ပါကြောင်း၊ ထို့အတူ ကော်မရှင်မှတာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သည်လည်း လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးကိစ္စရပ်အပါအဝင် ဒေသ၏ လိုအပ်ချက် များကို တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တောင်ငူခရိုင်မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊  မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကျန်းမာရေးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရှိန် တို့က ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်သ့ူလွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်း ဒေသကြီး ရေနီမြို့သို့ရောက်ရှိပြီး ရွှေစေတီကျောင်းတိုက် ဓမ္မာဗိမာန်တော်၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  မိမိနှင့်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ကို သိုက်သိုက်ဝန်းဝန်းကြိုဆိုကြသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ ရောက်ရှိ ခိုက် ရေနီဒေသမှ ပြည်သူများအနေဖြင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြ ကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်သ့ူလွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။             

တွေ့ဆုံပွဲမစတင်မီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရေနီမြို့ ရွှေစေတီ ကျောင်းတိုက် ပဓာနနာယကဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေး ဆိုင်ရာကိစ္စရပ် များကို လျှောက်ထားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်

Standard (Image)