ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အား BBC ရုပ်သံမီဒီယာ မှ တွေ့ဆုံမေးမြန်း

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အား BBC ရုပ်သံမီဒီယာ မှ ဦးဘမော် က သိလိုသည်များကို မေးမြန်းခဲ့ရာ ရင်းနှီး ပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့သည်။

မေးမြန်းသူ

ဟုတ်ကဲ့ပါ ခင်ဗျ ဒီ ၂ဝ၁၅ ပေါ့လေ၊ ဒီရွေးကောက်ပွဲ ဟာ ဥက္ကဋ္ဌကြီး အတွက် ဘယ်လောက်များ အရေးပါပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဒီ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ ဟာ ကျွန်တော့် အတွက် ရေးပါသလို ကျွန်တော်တို့ နိုင်ငံအတွက်လည်း အင်မတန်မှ အရေးကြီး၊ အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ ကို အောင်မြင် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမှ ကျွန်တော်တို့ နိုင်ငံ တည်ဆောက်ချင်တဲ့ လိုလားတဲ့ ပါတီစုံ ဒီမိုကရေစီ နဲ့ ဈေးကွက် စီးပွားရေး စနစ်ကို ရှေ့ကို တက်လှမ်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် အတွက် အရေးကြီးတယ် ဆိုတာထက် နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့ ဒီရွေးကောက်ပွဲ မှာ ဥက္ကဋ္ဌကြီး အနေနဲ့ ကျွန်တော်တို့ သိရသလောက်တော့ ဖြူးမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက် အရွေးခံမယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းက ဇေယျာသီရိ မြို့နယ်က အရွေးခံခဲ့ပါတယ်။ ဘာကြောင့် ဇေယျာသီရိ မြို့နယ်က ဆက်ပြီး အရွေး မခံတာပါလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဖြူးမြို့နယ်က ကျွန်တော်ရဲ့ မွေးဇာတိမြို့ ဖြစ်ပါတယ်။ ဖြူးမြို့နယ်ကို ကိုယ်စားပြုပြီး ဖြူးမြို့နယ်ကို အခြေခံပြီး နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွား အတွက် ဆောင်ရွက်ခွင့် ရရှိဖို့ပဲ ဖြစ်ပါတယ်။ ခုနမေးတဲ့ မေးခွန်းမှာ ဇေယျာသီရိ မြို့နယ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းက ဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲလဲ အောင်မြင်မှု ရာခိုင်နှုန်း ထိပ်ဆုံးက ရရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းလည်း ကျွန်တော့် အနေနဲ့ ဇေယျာသီရိ မြို့နယ် ကို တတ်နိုင်သမျှ ဖွံ့ဖြိုးရေး အပါအဝင် တခြား ကိစ္စများ အတွက်လဲ ကျွန်တော် တတ်နိုင်သမျှ ဆောင်ရွက် ခဲ့ပါတယ်။ ဒီကနေ့ ဇေယျာသီရိ မြို့နယ်မှာ ရှိကြတဲ့ ပြည်သူလူထု ကလည်း ကျွန်တော့် အပေါ် ကြီးမားသော သံယောဇဉ် ယုံကြည်မှုများ ရှိပါတယ်။ သို့ရာတွင် ဒီဒေသကို ကျွန်တော် အတိုင်းအတာ တခုထိ ဆောင်ရွက် ပြီးပြီ။ ဒါကြောင့် မွေးရပ်မြေ ဇာတိ ဖြစ်တဲ့ ဖြူးမြို့နယ်ကို သွားရောက်ပြီး ဖြူးမြို့နယ်ကို အခြေခံပြီး နိုင်ငံတော် နှင့် နိုင်ငံသား အကျိုးစီးပွားကို ဆောင်ရွက်ခွင့် ရအောင် သွားရောက် အရွေးခံခြင်း ဖြစ်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့ခင်ဗျ၊ အခုလောလောဆယ် သတင်းတွေထဲမှာ ဇေယျာသီရိ မြို့နယ်က မဲဆန္ဒရှင် တပ်မတော်သား အချို့ကနေပြီးတော့ ဥက္ကဋ္ဌကြီး ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းဖို့ ဆိုပြီးတော့ ကော်မရှင် မှာ လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ လုပ်လာတာ တွေ့ရပါတယ်။ ဒါကကော မဲဆန္ဒနယ် ပြောင်းရတဲ့ အကြောင်း အချက် တစ်ခု ဖြစ်ပါသလား။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

လုံးဝ မဖြစ်ပါဘူး၊ လုံးဝ သက်ဆိုင်ခြင်း မရှိပါဘူး။

မေးမြန်းသူ

ဟုတ်ကဲ့၊ ဆိုတော့ အဲဒီ မဲဆန္ဒရှင် တပ်မတော်သား လက်မှတ် ရေးထိုးထားတဲ့ စာထဲမှာတော့ ဥက္ကဋ္ဌကြီး ဟာ လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကို ပျက်ကွက်ခဲ့တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တယ် ဆိုပြီးတော့ ရေးသားထားတာ မျိုးတွေ ရှိပါတယ် ခင်ဗျ။ ဒါနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌကြီး အနေနဲ့ ဘာများ ပြောချင်ပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကျွန်တော့် တာဝန် ကျွန်တော် ယူနိုင်ပါတယ်။ ထိုနည်းတူစွာပဲ သူတို့ တတွေက အခုလို တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စများ နဲ့ ကြိုးစားတယ် ဆိုလို့ရှိရင်လည်း ကျွန်တော့်ဘက်က အသင့် ရှိပါတယ်။ အားလုံး ဥပဒေအရ ရင်ဆိုင်သွားမယ့် အနေအထား ရှိပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့၊ အဲဒီ အထဲမှာ စွပ်စွဲချက်ပေါ့လေ၊ အကြောင်းပြချက် တစ်ခုကတော့ တပ်မတော်နဲ့ နိုင်ငံတော် အပေါ် သစ္စာဖောက်တဲ့ ဟာမျိုး သူတို့ ပြင်းပြင်းထန်ထန် ပြောဆိုထားတာ ရှိပါတယ် ခင်ဗျ၊ ဒါကိုရော ဘယ်လို တုံ့ပြန်ချင်ပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒီတော့ သစ္စာဆိုတာ ဘာလဲဆိုတာ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုတယ်။ တပ်မတော်နဲ့ နိုင်ငံတော် အပေါ် သစ္စာဖောက်တယ် ဆိုတာ ဘယ်ကိစ္စတွေ အတွက် သစ္စာဖောက်တယ် လို့ စွပ်စွဲတာပါလဲ၊ ဒါသိဖို့ လိုပါတယ်။ တခါတခါမှာ ကျွန်တော်တို့ နိုင်ငံသားထဲမှာ မရင့်ကျက်တဲ့ လူတွေ ရှိပါတယ်၊ အချို့ မရင့်ကျက်တဲ့ ဝန်ထမ်းတွေ ရှိပါတယ်၊ အဓိပ္ပာယ်ကို ဂဃဏန နားမလည်ဘဲနဲ့ သူများပြောလို့ သို့မဟုတ် သူများခိုင်းလို့ ပြောတဲ့ ရေးတဲ့ ကိစ္စတွေ ရှိတတ်တာကိုလည်း ကျွန်တော်တို့ သတိပြုရမှာ ဖြစ်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့ ခင်ဗျာ၊ ဒီတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ အနိုင်ရခဲ့မယ် သမ္မတလောင်း ဘယ်သူ ဖြစ်လာမလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

၂ဝ၁၅ မှာ ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲမှာ နိုင်မယ်ဆိုရင် သမ္မတလောင်း ဘယ်သူဖြစ်မလဲ ဆိုတာတော့ ဖြေစရာမလိုဘဲနဲ့ ဘီဘီစီက သိနေပြီလို့ ယူဆပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့၊ ဒါပေမဲ့လည်း ပါတီတွင်းမှာပေါ့လေ၊ သမ္မတ ဦးသိန်းစိန် နဲ့ ဥက္ကဋ္ဌကြီး တို့ကြားမှာ သမ္မတ နေရာအတွက် အားပြိုင်မှုတွေ ရှိတယ်လို့ ကြားနေရတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လို နားလည်လို့ ရမလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကျွန်တော့် ဘက်ကတော့ အားပြိုင်တယ် ဆိုတာ ဘာမှ ပြောစရာ ဆွေးနွေးစရာ မရှိပါဘူး။ ပါတီတစ်ခုရဲ့ သမ္မတလောင်း ကို သက်ဆိုင်ရာ ပါတီကပဲ ရွေးချယ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီပေါ်မှာပဲ မူတည်ပါတယ်။

မေးမြန်းသူ

ပါတီက ဘယ်သူ့ကို ရွေးချယ် ထားပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပါတီက ဘယ်သူ့ကို ရွေးချယ် ထားသလဲ ဆိုတာတော့ အချိန်တန်ရင်တော့ ကြေညာမှာ ဖြစ်ပါတယ်။ စဉ်းစားလို့လဲ ရနိုင်ပါတယ်။ (ရယ်လျက်)

မေးမြန်းသူ

ဒါတွေကိုလည်း ပြည်သူတွေက သိချင်မှာပဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဟုတ်ကဲ့၊ သိကြမှာပါ။ သိခွင့်ရတဲ့ အချိန် သိကြရမှာပါ။ အခုလည်း စဉ်းစားမယ် ဆိုရင် စဉ်းစားလို့ ရမယ့် ကိစ္စ တစ်ခုပါ။

မေးမြန်းသူ

ဒီတော့ ဥက္ကဋ္ဌကြီး ကို ဆိုလိုတာလား ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကျွန်တော့်ကို ဆိုလိုတာ ဆိုတာထက် စဉ်းစားလို့ ရနိုင်မယ့် အကြောင်းကို ပြောခြင်း ဖြစ်ပါတယ်။

မေးမြန်းသူ

ပြည်ထောင်စု အစိုးရ အဖွဲ့က ဝန်ကြီးတွေကို ပေါ့လေ၊ ပါတီတွင်းကနေ ကိုယ်စားလှယ်လောင်း အဖြစ် ဒီရွေးကောက်ပွဲမှာ ဝင်ခွင့် မပြုဘူး လို့လည်း ကြားနေရပါတယ် ခင်ဗျ၊ အဲဒါ ဘာကြောင့်ပါလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒီ သတင်းဆိုရင် မှားပါလိမ့်မယ်။ အစိုးရ အဖွဲ့ထဲက အချို့ ဝန်ကြီးရှိမယ်၊ ဒုတိယ ဝန်ကြီး ရှိမယ်။ သူတို့ အဆိုပြုချက်အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ပါတီ ဗဟိုကကော၊ အောက်ခြေ လူထုက စဉ်းစားပြီးတော့ကော သင့်လျော်သော နေရာမှာ ကိုယ်စားလှယ်လောင်း အဖြစ် လျာထား ပေးပါတယ်။ အချို့ နေရာမှာ အောက်ခြေ အဆင့်ဆင့်က နေပြီးတော့ လက်ခံနိုင်ခြင်း မရှိတဲ့အတွက် ဒီလို ပုဂ္ဂိုလ်မျိုး၊ ဒီလိုဝန်ကြီး ဒုဝန်ကြီးမျိုး ကိုတော့ ပါတီ ကိုယ်စားလှယ် အဖြစ် သတ်မှတ် ပေးနိုင်ခြင်း မရှိတာလဲ အမှန်ပါပဲ။

မေးမြန်းသူ

တဆက်တည်း စစ်တပ်ထဲက နေပြီးတော့ အငြိမ်းစား ယူပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ၃ ပုံ ၂ ပုံ လောက်ကို ပါတီတွင်း ကိုယ်စားလှယ် အဖြစ် မရွေးချယ်ဘူး လို့ သိရပါတယ်။ အဲဒါကကော ဘာကြောင့်ပါလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒါကလဲ ခုနက မေးခွန်းကို ကျွန်တော်ဖြေတဲ့ အတိုင်းပဲ ဖြစ်ပါတယ် ခင်ဗျ။

မေးမြန်းသူ

ဟုတ်ကဲ့၊ အောက်ခြေ လူထုလူတန်းစားက လက်မခံတဲ့ အတွက်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အောက်ခြေလူထု လူတန်းစား ဆိုတာထက် ပါတီကိစ္စ ဖြစ်တဲ့အတွက် အောက်ခြေပါတီ ဖြစ်ပါတယ်။ ပါတီကလည်း လူထု လူတန်းစားထုကို အခြေခံထားတဲ့ အတွက် အောက်ခြေပါတီ ဆိုရင် လုံလောက်ပါတယ်။

မေးမြန်းသူ

အပြင်မှာပေါ့လေ၊ အစိုးရနဲ့ စစ်တပ်က တစ်ဘက်ပေါ့လေ၊ ဥက္ကဌကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကလည်း နီးနီးစပ်စပ် ရှိတယ် ဆိုပြီးတော့ ကြားနေရပါတယ် ခင်ဗျ။ အဲဒါကကော ဟုတ်ပါသလား ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဒီဟာကလဲ အခုလို ယူဆလို့ ရနိုင်စရာ အကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ထပ်ပြီးတော့ ကျွန်တော် ရှင်းအောင် ပြောမယ် ဆိုရင် ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ဘက် ဆိုတာထက် ကျွန်တော်နဲ့ ပြည်သူတွေက တစ်ဘက်လို့ ပြောနိုင်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့၊ ကျွန်တော်တို့ သိရသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မကြာခဏ သီးသန့် တွေ့ဆုံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဥက္ကဋ္ဌကြီး ကြားမှာ တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ အပြန်အလှန် နားလည်မှု သဘောတူညီမှု ယူထားတာများ ရှိပါသလား ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ရှိပါတယ်၊ နားလည်မှု သဘောတူညီမှု ယုံကြည်မှုတွေ ရှိပါတယ်။ ဒါကဘာလဲ ဆိုရင် ကျွန်တော်တို့ နိုင်ငံတော် နဲ့ နိုင်ငံသား အကျိုးစီးပွား အတွက်ကို ဆိုရင် ကျွန်တော်တို့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မယ်၊ ရွေးကောက်ပွဲ ကျရင်တော့ အနိုင်ရအောင် ပြိုင်ကြမယ်၊ ဒါ ကျွန်တော် တို့ရဲ့ နားလည်မှု၊ ယုံကြည်မှု၊ ပြောမယ်ဆိုရင် ဂျန်တဲမန်း အဂရိမန့် (Gentlemen agreement) (လူကြီးလူကောင်း သဘောတူညီချက်) ဖြစ်ပါတယ်။

မေးမြန်းသူ

ဒီ ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးသွားရင် ဆိုရင်ပေါ့လေ၊ NLD နဲ့ တိုင်းရင်းသား ပါတီတွေ လွှတ်တော် ထဲမှာ ပိုပြီးတော့ နေရာ ရလာလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိပါတယ် ခင်ဗျ။ ဒီအတွက် ပြည်ခိုင်ဖြိုး ပါတီတွင်းမှာ ဘယ်လောက် စိုးရိမ်မှုတွေ ရှိပါသလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ကျွန်တော်တို့ ထူးထူးခြားခြား စိုးရိမ်မှု မရှိပါဘူး။ ဒီလေးနှစ်တာ ပြုပြင် ပြောင်းလဲရေး ကာလမှာ ပြည်ခိုင်ဖြိုး ပါတီကို ပြုပြင် ပြောင်းလဲရေးတွေ ပြုလုပ်ခဲ့ပါတယ်။ အဓိကတော့ ပြည်သူ့ပါတီ မဟာဗျူဟာ အဖြစ် ရည်မှန်းချက် ထားပြီးတဲ့ အခါမှာ ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ဒီထက် ပိုပြောရမယ် ဆိုရင် ပြည်သူ့ သဘောထား၊ ပြည်သူ့ဆန္ဒ ဖြစ်အောင် ကျွန်တော်တို့ အလေးထား ပါတယ်။ ဒီအတိုင်းပဲ ပြည်သူ့ အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ပြည်သူရဲ့ လိုအပ်ချက်ကို ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ဒီကနေ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီဟာ ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ကြိုးစားဆောင်ရွက် နေသလို တစ်ဘက်ကလည်း ပြုပြင် ပြောင်းလဲရေး အတွက် ကျွန်တော်တို့က အပြောမဟုတ်ဘဲနဲ့ အလုပ်နဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီအပေါ် ပြည်သူတွေ ပိုပြီး နားလည်လာပြီ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ အတွက် စိုးရိမ်မှု မရှိပါဘူး။ ထိုနည်းတူစွာပဲ တိုင်းရင်းသားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အပိုင်းကို စိုးရိမ်မှု မရှိပါဘူး။ ကျွန်တော်တို့ဟာ စေတနာမှန်၊ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့၊ ဥက္ကဋ္ဌကြီး က အောင်နိုင်ရေး မှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့ အထဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အောင်နိုင်မှု ဖြစ်အောင် လုပ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ မှာ ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ ကြိုတင်မဲ ဆိုတာနဲ့ အနိုင်ရခဲ့တယ် ဆိုပြီး တော်တော်များများ ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ဒီတစ်ခေါက်မှာကော အဲဒါမျိုး အစွန်းအထင်း မရှိဘဲနဲ့ အနိုင်ရအောင် ဘယ်လို ကြိုးပမ်းဖို့ စိတ်ကူးထားပါသလဲ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဟုတ်ကဲ့ ခင်ဗျာ၊ ၂ဝ၁ဝ တုန်းက ပြည်ခိုင်ဖြိုး ပါတီနဲ့ ဒီနေ့ ၂ဝ၁၅ ပြည်ခိုင်ဖြိုး ပါတီ ဟာ မတူတော့ပါဘူး။ ဗဟိုဦးစီး စနစ်များ လျော့ချပြီး တကယ့် ဒီမိုကရေစီ ကျင့်စဉ်များကို ကျွန်တော်တို့ ပါတီတွင်းမှာ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂ဝ၁ဝ တုန်းက ပြည်ခိုင်ဖြိုး ပါတီနဲ့ ဒီကနေ့ ကျွန်တော် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ က တခြားစီ ဖြစ်သွားပါပြီ။ အဲဒီနည်းတူပဲ ၂ဝ၁ဝ တုန်းက ရွေးကောက်ပွဲမှာ ကြိုတင်မဲ များကြောင့် ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရရှိ သွားတယ်လို့ ဒီလိုပြောဆိုတဲ့ လေသံတွေလည်း ကြားရပါတယ်။ ဒီနေ့တော့ ကျွန်တော် အမြဲတမ်း တင်ပြ ပြောဆိုနေတဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်၊ အဲဒီ ရွေးကောက်ပွဲ ဟာ ပွင့်လင်း မြင်သာမှု ရှိရမယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ သန့်ရှင်းစွာ အနိုင်ရရှိရေး အတွက် ဆောင်ရွက်မယ် လို့ ကျွန်တော် မကြာခဏ ပြောပါတယ်။ အဲဒီနည်းတူပဲ ပါတီ အသီးသီးက ပါတီ ကိုယ်စားလှယ်များ အနေဖြင့်လည်း ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများ အပြင် ဒီနေ့ Code of Conduct စတဲ့ ပါတီများ ပါတီ ကိုယ်စားလှယ်များ လိုက်နာ ကျင့်သုံးရမယ့် ကိစ္စများ လိုက်နာ ဆောင်ရွက်ဖို့ ကိုလည်း ကျွန်တော် အမြဲ တိုက်တွန်း နှိုးဆော်လျက် ရှိပါတယ်။

မေးမြန်းသူ

ဥက္ကဋ္ဌကြီး က ဗဟို ဦးစီးစနစ် လျှော့ချတယ်လို့ ပြောပေမယ့်လည်း မကြာခင်က ကယား ပြည်နယ် ဝန်ကြီးချုပ် နဲ့ ဝန်ကြီးအချို့ က ဗဟိုဦးစီး ချုပ်ကိုင်မှုတွေ များတယ် ဆိုပြီးတော့ ပါတီက နှုတ်ထွက်တယ် လို့ ကြားပါတယ် ခင်ဗျ။ အဲဒါကော ဘာကြောင့်ပါလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒါက သူတို့အပြောပါ။ ပထမ ဝန်ကြီးချုပ် အနေနဲ့ နှုတ်ထွက်စာ တင်ပါတယ်။ နှုတ်ထွက်စာ တင်တဲ့ နေရာမှာ ပါတီကပေးတဲ့ တာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ စည်းရုံးရေး လုပ်ငန်းတွေကို မဆောင်ရွက် နိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ပါတီက နှုတ်ထွက် အနားယူခွင့် ပြုပါလို့ ဒီလို တင်ပြပါတယ်။ အဲဒီအချိန်မှာ ပါတီထုရဲ့ တိုင်တန်းမှုအရ ဝန်ကြီးချုပ်ကို ပါတီတွင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပြုလုပ်တဲ့ နေရာမှာ ပါတီက သူ့ကို အရေးယူမယ်၊ အရေးယူ ခံရမယ် ဆိုလို့ရှိရင် ပါတီ အနေနဲ့ လျှော့ပေါ့စွာ စဉ်းစားနိုင်ဖို့ အတွက် ကြိုတင် နှုတ်ထွက်ထားတာ ဖြစ်ပါတယ်။ ပါတီ အနေနဲ့လည်း စုံစမ်း စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာကို မူတည်ပြီးတော့ ဗဟို အလုပ် အမှုဆောင်ထံ တင်ပြလာတဲ့ အခါမှာ ဗဟို အလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက် နဲ့ ပါတီက နေပြီးတော့ ရပ်နားခွင့်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

မေးမြန်းသူ

နောက်တစ်ခုက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပေါ့နော်၊ လွှတ်တော် ထဲမှာ ဥက္ကဋ္ဌကြီး နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေ အပေါ်မှာ တပ်မတော်သား ကိုယ်စားလှယ် တွေရဲ့ ကန့်ကွက်မှုကြောင့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒီတော့ကာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် တွေဟာ ဒီမိုကရေစီ အပြောင်းအလဲ အတွက် အဟန့်အတားများ ဖြစ်နေပါသလား။ ဒီအတွက် ဒီအရေအတွက် ကို လျှော့ချဖို့ အစီအစဉ်များ ရှိပါသလား။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

လောလောဆယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်သား ကိုယ်စားလှယ် များကော အစိုးရ ဘက်ကော ကျွန်တော် အလေးထား စဉ်းစားခဲ့ပါတယ်။ ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ဖို့ ကြိုးစား ဆောင်ရွက်တဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အားလုံးကို ပြောင်းလဲဖို့ မစဉ်းစား ခဲ့ပါဘူး။ ပြင်ဆင်သင့်တာ ပြင်ဆင်၊ ထားသင့်တာထား ဒီလိုစဉ်းစားပြီး ဆောင်ရွက်ခဲ့တာပါ။

မေးမြန်းသူ

ဒီတော့ ၂ဝ၁၅ အခု လောလောဆယ်မှာ ပြည်ခိုင်ဖြိုး ပါတီ ဗဟို အတိုင်ပင်ခံ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအောင်သောင်း ကွယ်လွန်သွားပြီး ဖြစ်တဲ့နောက်မှာ ပြည်ခိုင်ဖြိုး ပါတီမှာ ဘယ်လိုမျိုး အပြောင်းအလဲတွေ ရှိလာမှာလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ဦးအောင်သောင်း ကွယ်လွန် အနိစ္စ ရောက်သွားတဲ့ အတွက် ကျွန်တော်တို့ အင်မတန်မှ ဝမ်းနည်း ပါတယ်။ ဦးအောင်သောင်း ဟာ နောက်ဆုံး အချိန်ထိ သူရဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ပါတယ်။ ပါတီအပေါ်လည်း သစ္စာရှိပြီးတော့ တကယ် စွမ်းဆောင်ရည် ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သို့ရာတွင် ဦးအောင်သောင်း ကွယ်လွန် သွားတဲ့အတွက် ပါတီတွင်းမှာ ထူးခြားတဲ့ မူဝါဒ ဆိုင်ရာ အပြောင်းအလဲ မရှိပါဘူး။ ဒီပေါ် မူတည်ပြီးတော့ ပါတီမှာ ရှိကြတဲ့ ပါတီဝင်များ ဟာလည်း ဦးအောင်သောင်း လို စိတ်ဓာတ်များ ထားရှိပြီးတော့ ပါတီ ရှင်သန်ရေး ပါတီ အောင်မြင်ရေး အတွက် ပိုပြီး ကြိုးစားချင်တဲ့ စိတ်တွေ ပေါ်ပေါက်လျက် ရှိပါတယ်။

မေးမြန်းသူ

အစိုးရနဲ့ စစ်တပ်က တစ်ဘက် ဥက္ကဋ္ဌကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က တစ်ဘက် ဖြစ်နေတဲ့ အခါမျိုးမှာ ဒီလိုမျိုး ဖြစ်နေကြတာ တွေကို အချို့ကလဲ နိုင်ငံရေး ကစားကွက် ပြည်ခိုင်ဖြိုး ပါတီရဲ့ ကစားကွက် တစ်ခု အနေနဲ့ မြင်တဲ့လူတွေလည်း မြင်ကြပါတယ်။ ဒါကလဲ တပ်မတော် ဦးစီးမှူး ကလည်း ပြည်ခိုင်ဖြိုး အသင်းကြီး ကနေ ပြည်ခိုင်ဖြိုး ပါတီ အဖြစ် ပြောင်းလဲလာတယ် ဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ သံသယတော့ ရှိနေကြပါတယ်။ ဒီတော့ ဒီသံသယတွေ ပြေပျောက်အောင် ဘယ်လိုများ ဆောင်ရွက် နိုင်မလဲ ခင်ဗျ။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

အဲဒီတော့ ဒီမေးခွန်းကို မေးမယ်ဆိုရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မေးသင့်ပါတယ်။ ထိုနည်းတူစွာပဲ ကျန်တဲ့ ခုနက မိတ်ဆွေပြောတဲ့ တပ်မတော်တို့ အစိုးရ အဖွဲ့တို့ကို မေးခွင့်ရှိရင် မေးသင့်ပါတယ်။ ကျွန်တော် ကတော့ စကားကို အခုတစ်မျိုး၊ တော်ကြာ တစ်မျိုး ပြောတတ်တဲ့ အလေ့ မရှိပါဘူး။ ကျွန်တော် တို့က တည်ကြည် ဖြောင့်မတ်စွာပဲ အလုပ်တစ်ခုကို လုပ်ချင်ပါတယ်။ အချို့ကလည်း ကျွန်တော့်ကို ပြောပါတယ်၊ အရာရာကို ရိုးသားပြီး ဆောင်ရွက်လို့ မရဘူး၊ နိုင်ငံရေးက ရှုပ်ထွေးတယ်။ ဒါကြောင့် မလို အမေးမျိုး၊ အပြောမျိုး ရှိပါတယ်၊ ကျွန်တော် ကတော့ တည်ကြည် ဖြောင့်မတ်ဖို့ပဲ လိုလားပါတယ်၊ ကျွန်တော် ပရိယာယ်နဲ့ ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ အရှိအတိုင်းပဲ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေးမြန်းသူ

ဒီမေးခွန်းက ထင်မြင် ယူဆချက်နဲ့ မေးတာပါ။ တကယ်လို့များ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ ဥက္ကဋ္ဌကြီး မျှော်မှန်းသလို သမ္မတ မဖြစ်လာ ခဲ့ဘူးဆိုရင် နိုင်ငံရေး ကနေ အနားယူဖို့ အစီအစဉ် ရှိပါသလား။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

နိုင်ငံရေး ကတော့ ခန့်မှန်းရတာ ခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး သမားတို့၊ နိုင်ငံရေး ပါတီ တို့ ဆိုတာ မျှော်မှန်းချက် ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်သား တစ်ယောက် ဖြစ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားအတိုင်း ပါပဲ။ "Hope for The Best, Prepare for The Worst" အကောင်းဆုံး အတွက် မျှော်လင့် ထားသလို အဆိုးဆုံး အတွက်လည်း ပြင်ဆင် ထားပါပြီ။ အဲဒီလို ပြင်ဆင်တဲ့ နေရာမှာ ကျွန်တော်ရဲ့ ပြင်ဆင်မှုက ကျွန်တော်တို့ အသက်ရှင် ကျန်းမာနေသရွေ့ နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွား အတွက် ဆောင်ရွက်မယ်၊ တာဝန်ပေးရင် ပေးတဲ့အပေါ် မူတည်ပြီး ဆောင်ရွက်မယ်၊ ပြည်သူများရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်။

မေးမြန်းသူ

ဟုတ်ကဲ့၊ ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျ။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်

Standard (Image)