ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ဇနီး ဒေါ်ခင်လေးသက် တို့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရွှေဆံတော် စေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အမွှေးနံ့သာတိုင်များ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် နံနက် (၆း၃၀) နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြည်မြို့သည် ခေတ်အဆက်ဆက် ကတည်းက ဖွံ့ဖြိုး တိုးတက်သည့် မြို့ဖြစ်ပါကြောင်း၊ မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်း ထားနိုင်ရန် လိုအပ်သကဲ့သို့ ပိုမို ဖွံ့ဖြိုး တိုးတက်စေရန် အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများက လွတ်လပ် ပွင့်လင်းစွာ တင်ပြကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဒေါက်တာတင်သိန်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင် တစ်ဦးတို့က ပြည်မြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာများကို လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်မြင့် က သာသနိက အဆောက်အဦ နှင့် ဝတ္တကမြေ ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ လိုအပ်ချက် ဆိုင်ရာများကို လည်းကောင်း၊ ပြည်မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူများက ပြည်မြို့နယ် အတွင်း မြေယာ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့အတူ ဌာနဆိုင်ရာ တာဝန် ရှိသူများက မိမိတို့ လုပ်ငန်းဌာန အလိုက် ကျန်းမာရေး၊ လျှပ်စစ်၊ ပညာရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြား ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲရေးကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော် ရပ်နားထားချိန်များတွင် ပြည်သူများ၏ အသံကို တိုက်ရိုက် ကြားနာချင်သောကြောင့် နေရာ ဒေသအနှံ့သို့ သွားရောက်၍ ပြည်သူများ၏ အသံကို နားထောင် ခဲ့ပါကြောင်း၊ အလုပ် မအားလပ်သည့် ကြားမှပင် လုပ်နိုင်စွမ်း ရှိသည့် အချိန်ကာလ အတွင်း ပြည်သူလူထု အကျိုးစီးပွား အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သို့ ရောက်ရှိပြီး ကြို့ပင်ကောက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဒေသခံ မြို့မိမြို့ဖများ၊ ပြည်သူများ နှင့်် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြည်သူများ၏ အသံကို နားထောင်ကာ ပြည်သူများ၏ ဆန္ဒကို သိရှိပြီး ပြည်သူတို့၏ လိုအပ်ချက်များ၊ အခက်အခဲ များကို ဖြည့်ဆည်းဆောင်ရွက် ပေးလိုပါကြောင်း၊ ချက်ချင်းလက်ငင်း လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ချက်ချင်း လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း နှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသင့်သည် များကိုလည်း အမြန်ဆုံး စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များကို ပွင့်လင်းစွာ ထုတ်ဖော် တင်ပြကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ က မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး နှင့် ကဏ္ဍစုံ အတွက် အချက်အလက် ဆိုင်ရာများကို လည်းကောင်း၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ နှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ တို့က ဒေသအတွက် လိုအပ်ချက် များကိုလည်းကောင်း၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လုပ်ငန်း ဆောင်ရွက်ချက် ဆိုင်ရာများကို လည်းကောင်း၊ အုတ်ဖိုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင် တစ်ဦးက အုတ်ဖို မြို့နယ်အတွင်း လိုအပ်ချက်ရှိသည့် ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် တင်ပြပြီး ပြန်လည် ရှင်းလင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်တွင် မိမိတို့ နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မှသာ ပါတီစုံဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ် ကို ကျင့်သုံးပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံပေါ်ထွန်းလာမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များအား ရင်းနှီးစွာ နှုတ်ဆက်၍ မွန်းလွဲပိုင်းတွင် မိုးညို မြို့နယ် သို့ ရောက်ရှိပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဒေသခံ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဒေသအကျိုးစီးပွား အတွက် လိုအပ်ချက်များကို လွတ်လပ် ပွင့်လင်းစွာ တင်ပြဆွေးနွေး ကြပါရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မိုးညို မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ က လုပ်ငန်း ဆောင်ရွက်ချက် ဆိုင်ရာများအား လည်းကောင်း၊ မိုးညို မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှင့် စည်ပင်သာယာရေး ကော်မတီ၊ မင်းလှမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ နှင့် စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများက ဒေသအတွက် လိုအပ်ချက် ဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြရာ ပြည်သူ့လွှတ်တော် နာယက က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိတို့ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးသည့် အတွက် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း၊ ချက်ချင်း ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လတ်တလော ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ကိစ္စရပ် များကိုလည်း အမြန်ဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းနှီးစွာ နှုတ်ဆက်သည်။
တွေ့ဆုံပွဲများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မတီ (၃) ရပ်မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်
