ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တောင်တွင်းကြီး နှင့် ဆင်ပေါင်ဝဲ မြို့များရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် "ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်" ဟူသည့် ဆောင်ပုဒ်အတိုင်း ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ လွှတ်တော် သက်တမ်းသည် လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လကုန်တွင် ကုန်ဆုံးမည် ဖြစ်ပါကြောင်း၊ လက်ရှိ ကာလအထိ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများ၏ တင်ပြတောင်းဆိုချက် လိုအပ်ချက်များကို အလေးထားကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိနေသကဲ့သို့ လွှတ်တော် သက်တမ်း ကုန်ဆုံးချိန် အထိလည်း ပြည်သူများ၏ အကျိုးစီးပွား အတွက် တစိုက်မတ်မတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊  လွှတ်တော် အတွင်းမှ ပြည်သူ့အသံကို နားထောင်ရုံမျှ သာမကဘဲ  လွှတ်တော် ပြင်ပ၌ ယခုကဲ့သို့သော တွေ့ဆုံမှုများတွင် ပြည်သူများ၏ အသံကို နားထောင်ကာ ထိရောက်စွာ ဆောင်ရွက်နိုင်မှု ရှိသည့် အနေအထား များကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော် ရပ်နားချိန်တွင် နိုင်ငံ၏ နေရာဒေသအနှံ့ သွားရောက်ကာ ယခုကဲ့သို့ တွေ့ဆုံမှု များမှတစ်ဆင့် ရရှိလာသည့် ၎င်းဒေသ၊ မြို့နယ်၊ နေရာများတွင် ရရှိခဲ့သည့်  အတွေ့အကြုံများ အပေါ် မူတည်ကာ တစ်တိုင်းတစ်ပြည်လုံး အတိုင်းအတာအထိ စဉ်းစား ဆောင်ရွက်ပေးခဲ့သည့် အခွင့်အလမ်း များလည်း ရှိနေပါကြောင်း။

လာမည့် နိုဝင်ဘာလ (၈) ရက်တွင် မိမိတို့ နိုင်ငံအနေဖြင့် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဖြစ်ပါကြောင်း၊ ယင်းရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မှသာ မိမိတို့ လိုချင်သည့်  ပါတီစုံဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ ယခုရွေးကောက်ပွဲ အောင်မြင် အဆင်ပြေစေရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကော်မရှင်မှ တာဝန်ပေးထားသည့်  မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင်သာ တာဝန်ရှိခြင်းမျိုး မဟုတ်ဘဲ မြို့နယ် အတွင်းရှိ ပါတီအသီးသီး၊ ပါတီကိုယ်စားပြု လူပုဂ္ဂိုလ် အသီးသီး၊ မြို့နယ်အတွင်းရှိ စီမံခန့်ခွဲရေး ကော်မတီ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ နှင့် မြို့နယ်အတွင်းနေ ပြည်သူအားလုံး တွင်လည်း တာဝန် ရှိပါကြောင်း၊ မိမိရွေးချယ်လိုက်သည့် ကိုယ်စားလှယ်ကို ရရှိပြီး ၎င်းကိုယ်စားလှယ်က မိမိဒေသအတွက် မည်ရွေ့မည်မျှ ဆောင်ရွက်ပေးနိုင်မည်၊ အကျိုးပြုနိုင်မည် ဆိုခြင်းကို  မိမိတို့ဘာသာ ဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း၊ မိမိမြို့နယ်၊ ဒေသ၊ နိုင်ငံ့ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် ပုဂ္ဂိုလ်များကို ရွေးချယ် နိုင်ကြစေရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တောင်တွင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် က ဒေသန္တရ ဆိုင်ရာ အချက်အလက်များနှင့် ဒေသအတွက် လိုအပ်လျက် ရှိနေသည့် လိုအပ်ချက် ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများက မိမိတို့ ဒေသ၏ လိုအပ်ချက်များ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး နှင့် တံတား၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ၊   ပညာရေးနှင့် ကျန်းမာရေး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လိုအပ်သည်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မြို့နယ်အတွင်း မျှော်မှန်း လူ့သက်တမ်း ပိုမိုတိုးမြင့် လာစေရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု ဆိုင်ရာများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊  သောက်သုံးရေ လုံလောက်စွာ ရရှိရန်အတွက် မြို့နယ်အနေဖြင့် ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်စေရန် မြို့နေဒေသခံ ပြည်သူများ နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူ များကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို မှာကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မိမိသည် ပြည်သူ့ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် အားလျော်စွာ ပြည်သူ့အကျိုးကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ တာဝန်ပေးချက်အရ ပေါ်ထွက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၏ ရွေးချယ်မှုဖြင့် မိမိသည်လည်း လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူများ တင်ပြသည့် ကိစ္စများကို အမြဲတမ်း အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လွှတ်တော်တွင်လည်း ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား ဖြစ်စေမည့် ဥပဒေများ ပြဋ္ဌာန်းပေးလျက် ရှိပါကြောင်း၊ မိမိအနေဖြင့်လည်း လွှတ်တော် နားရက်များတွင် ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံကာ ပြည်သူတို့၏ လိုအပ်ချက်များကို  အလေးထား ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊  လွှတ်တော် သက်တမ်း ကုန်သည်အထိ မိမိပေးထားသည့် ကတိအတိုင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဆိုပါ နံနက်ပိုင်းတွင် နေပြည်တော်-ကန်ပြား-မကွေး လမ်းပေါ်ရှိ မြို့သစ်မြို့နယ်၊ သန်းကုန်းကျေးရွာရှိ တောင်သူ ဦးတင်ဦး ၏ မိုးစပါးလေးဧက စိုက်ခင်း၌ မိုးစပါး စိုက်ပျိုးနေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ဆင်ပေါင်ဝဲ မြို့နယ်သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများ နှင့် ရင်းနှီးစွာ တွေ့ဆုံ၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင် က မြို့နယ်၏ ဒေသန္တရ အချက်အလက် ဆိုင်ရာများကို ရှင်းလင်း တင်ပြပြီး ဆင်ပေါင်ဝဲ မြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကော်မတီ (၃) ရပ်မှ တာဝန် ရှိသူများက ဒေသအတွက် လိုအပ်ချက် ဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံ ပြည်သူများက ၎င်းတို့၏ လိုအပ်ချက်နှင့် သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်း တင်ပြကြရာ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က  ပညာရေး၊ ကျန်းမာရေး ဆိုင်ရာများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရန် အချက်များ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲများသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  နိုင်ငံရေး ပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်

ဓါတ်ပုံများ

Standard (Image)