ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၊ ပိန်းဇလုပ် နှင့် ဖောင်တော်သီ တို့မှ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသ ကြီး ဖြူးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စည်ပင်သာယာခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ နှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် ဆောက်လုပ်ရေး လုပ်ငန်း၊ မြို့နယ် ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ် ပညာရေးဌာန၊ မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဌာန နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ တို့မှ တာဝန်ရှိသူများက ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက် လျှပ်စစ် မီးလင်းရေး၊ ဒေသ ဖွံ့ဖြိုးရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ၊ မှတ်ပုံတင်များ ဆောင်ရွက်ပေးမှု အခြေအနေ တို့ကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ပြည်သူူများ၏ အသံ၊ ပြည်သူများ၏ လိုအပ်ချက်ကို ကြားသိလို၍ ပြည်သူများထံ သွားရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ လွှတ်တော်ပြင်ပ ပြည်သူနှင့် တွေ့ဆုံသည့် လုပ်ငန်းများသည် များစွာ ထိရောက်မှု ရှိပါကြောင်း၊ လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန် အရေးကြီးပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတမှု ရှိသည့် ရွေးကော်ပွဲ ဖြစ်အောင် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုကြောင်း။

ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်၌ အဓိက တာဝန်ရှိသော်လည်း ကော်မရှင်၏ တာဝန်ဟုသာ သဘောမထားဘဲ လူမှုရေး အဖွဲ့အစည်းများ ဖြစ်သည့် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ၊ စီမံခန့်ခွဲရေး ကော်မတီများ နှင့် ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရာ၌ အဓိကကျသည့် ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ကော်မရှင် နှင့်အတူ လုံခြုံရေး တာဝန် ယူထားသူ များကလည်း ဝိုင်းဝန်းကူညီ ကြရန် လိုကြောင်း။

မြို့နယ်အတွင်း ပညာရည် အဆင့်မြင့်မားရေး၊ လျှပ်စစ် မီးလင်းရေး၊ စိုက်ပျိုးရေ ရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပါအဝင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ရှိသူ များနှင့်အတူ ပြည်သူများက လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး လွှတ်တော် တို့၏ သိရှိနားလည်မှု သည်လည်း အရေးကြီး ပါကြောင်း၊ ဖြူးမြို့နယ်ကို စံပြမြို့နယ် တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြသူများကို ကျေးဇူး တင်ရှိပါကြောင်း နှင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ပိန်းဇလုပ်မြို့ သုဓမ္မရာမ ပရိယတ္တိ စာသင်တိုက် သာသနာ့ ဗိမာန်တော်၌ ဒေသခံ ပြည်သူများ အား သွားရောက်တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ အားကစား ဝန်ကြီးဌာန ဦးဇော်ဝင်း၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပိန်းဇလုပ် ဒေသ၏ လိုအပ်ချက်များ၊ အခက်အခဲများ ရှိပါက ဖြေရှင်းပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ညောင်လေးပင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့် ကလည်း ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခု ခရီးစဉ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် လိုက်ပါလာ၍ ဒေသခံများ အနေဖြင့် တင်ပြစရာ ရှိသည်များကို ပွင့်ပွင့်လင်းလင်း တင်ပြရန် ဖိတ်ခေါ်ပါကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း နှင့် ညောင်လေးပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့် တို့က တင်ပြချက်များ အပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သုံးသပ်ဆွေးနွေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အစိုးရသစ် လက်ထက်၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ခရီးရောက်ပြီး တည်ငြိမ်အေးချမ်မှု ရှိလာခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဆက်သွယ်ရေး ကဏ္ဍပေါင်းစုံ၌ တိုးတက်မှု ရှိလာပြီ ဟု ပြောနိုင်သော်လည်း ကျေနပ်လောက်သည့် အနေအထား မရှိသေးပါကြောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှု ကဏ္ဍတို့တွင် ပိုမိုတိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း။

ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်ကို ဖော်ဆောင်နိုင်ရန် လွှတ်တော် နားရက်များတွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော် ထဲတွင် မကြားသိနိုင်သည့် အသံများကို ကိုယ်တိုင် ကြားသိရသဖြင့် အကျိုးများစွာ ဖြစ်ထွန်းပါကြောင်း၊  လွှတ်တော် က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့ အတွက် မဟုတ်ဘဲ ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်ပါကြောင်း။

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ဖြစ်ကြောင်း ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၍ အောင်မြင်စွာ ဆက်လက် လျောက်လှမ်းနိုင်ရေး အတွက် ရွေးကောက်ပွဲကို ဖြတ်သန်းရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မရှင် တစ်ခုတည်း၏ တာဝန်ဟု သဘောမထားဘဲ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် ကြရန် လိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဟူသော အသိတရား စိတ်ဓာတ်ဖြင့်  အားတက်သရော ပါဝင်ဆောင်ရွက် နိုင်ပါစေဟု တိုက်တွန်းပါကြောင်း ဖြင့် ပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင် များနှင့်အတူ ဒိုက်ဦးမြို့နယ် ဖောင်တော်သီ ကျေးရွာအုပ်စု သို့ ရောက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ဒေသခံ ပြည်သူများ အား တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဖောင်တော်သီ သည် ကျေးရွာအုပ်စု ဆိုသော်လည်း မြို့အင်္ဂါရပ် အတော်အတန် ပြည့်စုံမှု ရှိသည်ဟု သိရှိရ၍ ဝမ်းမြောက်ပါကြောင်း၊ ရောက်ရှိရန် ခက်ခဲသည့် ဖောင်တော်သီ ဒေသသို့ ရောက်ရှိလိုသည့် ဆန္ဒ ပြည့်ဝခဲ့ရ ပါကြောင်း၊ မိမိတို့ရောက်ရှိခိုက် တင်ပြလိုသည် များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ် ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူများက ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က တင်ပြချက်များ အပေါ် ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သုံးသပ်ဆွေးနွေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လာမည့် နိုဝင်ဘာ (၈) ရက် တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်း များတွင် တာဝန်ရှိပါကြောင်း၊ မြို့မိမြို့ဖ များနှင့် မဲဆန္ဒပေးကြမည့် ပြည်သူများ ကလည်း တာဝန်ရှိသူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း။

လာမည့် ရွေးကောက်ပွဲ သည် မိမိတို့နိုင်ငံ အတွက် သာမက မိမိတို့ဒေသ ကံကြမ္မာ၊ မိမိတို့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် က ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန် ထားပြီးဖြစ်၍ အဆိုပါ ဥပဒေ များနှင့်အညီ ဆောင်ရွက်နိုင်မှ သာလျင်  အောင်မြင်မည် ဖြစ်ကြောင်း၊ ဖောင်တော်သီ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အပိုင်းက သာမက ကော်မတီများ၊ မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့ မျှော်မှန်း သကဲ့သို့ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင် များနှင့်အတူ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ငါးထပ်ကြီး ဘုရား ဓမ္မာရုံ၌ ကညွတ်ကွင်းမြို့ ရွာလည် ကျောင်းတိုက် ပဓာန နာယက ဆရာတော်  အမှူးပြုသော ဆရာတော် သံဃာတော် များအား တိုင်းပြည်အတွက် အသက်ပေး လှူသွားကြသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များနှင့် စစ်သည် အပေါင်းအား ရည်စူး၍ အာရုံဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး အနုမောဓနာ တရား နာယူကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးေ၀ ခဲ့သည်။

ထို့အတူ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ညောင်လေးပင် မြို့နယ် ပိန်းဇလုပ်မြို့ သုဓမ္မရာမ ပရိယတ္တိ စာသင်တိုက် သို့ ရောက်ရှိပြီး စာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေး ဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

အလားတူ မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ဒိုက်ဦးမြို့နယ် ဖောင်တော်သီ ကျေးရွာအုပ်စု ရတနာဘုံကျော် ကျောင်းတိုက် သို့ ရောက်ရှိပြီး ကျောင်းတိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော် များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေး ဆိုင်ရာနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ကို လျှောက်ထားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်

Standard (Image)