ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နှင့် အုတ်တွင်းမြို့နယ်များမှ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် (၈း၃၀) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သီရိမင်္ဂလာ ခန်းမ၌ ဒေသ ခံ ပြည်သူများ အား တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ နှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က မိမိတို့ နိုင်ငံကို ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရန် လမ်းကြောင်းပေါ်သို့ တက်လှမ်း ခဲ့သည်မှာ လေးနှစ်ကျော် ငါးနှစ်အတွင်း ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခု အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု ရှိလာပါကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ထိုက်သင့်သလောက် လုပ်ဆောင် နိုင်ခဲ့သော်လည်း လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကဏ္ဍတို့တွင် ဆက်လက် တိုးတက်ရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း။

ဒီမိုကရေစီ လမ်းကြောင်းသို့ ပြောင်းလဲလျှောက်လှမ်း ရာတွင် ခက်ခက်ခဲခဲ ကျော်လွှားပြောင်းလဲ ခဲ့ရပါကြောင်း၊ လိုသလောက်၊ ဖြစ်ချင်သလောက် မဖြစ်သေး၍ ရှေ့ဆက်ရမည့် ခရီး၌ အစိုးရ၊ လွှတ်တော် တို့နှင့်သာ မရဘဲ ပြည်သူများက ပူးပေါင်း ပါဝင်ရန် လိုအပ်ပါကြောင်း၊ ထန်းတပင် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ များနှင့် တွေ့ဆုံရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်က ရောက်ရှိခဲ့သည့် ခရီးစဉ် များတွင် လိုအပ်ချက် အခက်အခဲများ ဆွေးနွေးတင်ပြမှု အပေါ် မှုတည်၍ ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင် ခဲ့ပါကြောင်း။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် နိုင်ငံ့ ဘဏ္ဍာငွေများကို ယခင်ထက် ပိုမို ကျခံဆောင်ရွက် ခဲ့ပါကြောင်း၊ လိုအပ်သည့်နေရာ များတွင် ရရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ သို့သော် ပြည့်စုံ လုံလောက်မှု မရှိသေးပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေပြီ ဖြစ်၍ ရှေ့သို့တိုးပြီး လျှောက်လှမ်းသွားရန် လိုအပ်ပါကြောင်း။

နိုင်ငံ့အတွက် အလွန် အရေးကြီးသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကို လာမည့် နိုဝင်ဘာ (၈) ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲ ဝင်ကြမည့် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ရွေးကောက်ပွဲကို တာဝန်ခံ ဆောင်ရွက်ပေးကြမည့် အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်း များတွင် တာဝန် ရှိပါကြောင်း၊ မဲပေးကြမည့် ပြည်သူများ အခန်းကဏ္ဍ သည်လည်း အရေးကြီးပါကြောင်း။

ရွေးကောက်ပွဲသည် မိမိတို့ဒေသကံကြမ္မာ၊ မိမိတို့ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ် အောင်မြင်ရေး အတွက် ရွေးကောက်ပွဲကို ဖြတ်သန်း ကြရမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထန်းတပင် မြို့နယ် အတိုင်းအတာ အရ အောင်မြင်ရန် အားလုံးတွင် တာဝန် ရှိပါကြောင်း၊ ရွေးကော်ပွဲ ကော်မရှင် က ဥပဒေ၊ နည်းဥပဒေ၊ စည်မျဉ်း၊ စည်းကမ်းများ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ ကိုလည်း လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများ အတွင်းက အောင်မြင်စွာ လုပ်ဆောင်မှ သာလျှင် ရှေ့ဆက်သွားမည့် ခရီး အောင်မြင်မည် ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိချိန်၌ လိုအပ်ချက်များ ရှိပါက တင်ပြပေးရန် ဖိတ်ခေါ် ပါကြောင်းနှင့် တင်ပြချက်များကို မှတ်သားပြီး လွှတ်တော် အပိုင်းက ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ဌေး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး တာဝန်ရှိသူ များက ဒေသ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင် များနှင့်အတူ အုတ်တွင်းမြို့ သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သိရီရတနာ ခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေး မှာကြားသည်။

တွေ့ဆုံပွဲတွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ် ပညာရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူများ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီမြင့်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးရဲမြင့်ထွန်း တို့က ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အပေါ် မှုတည်ပြီး လွှတ်တော် များနှင့် အစိုးရ အဖွဲ့များ ပေါ်ပေါက်လာကြောင်း၊ နိုင်ငံတကာ၌ ပြောဆိုသုံးနှုန်းမှု အရ ဆိုလျင် လွှတ်တော်ရှိမှ ဒီမိုကရေစီ ရှိပြီး ဒီမိုကရေစီ ရှိရန် လွှတ်တော်များ လိုအပ်ပါကြောင်း၊ လွှတ်တော် ဖြစ်ပေါ်လာရေး အတွက် လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီ စနစ် ရှင်သန်ရန် လာမည့် နိုဝင်ဘာ (၈) ရက်၌ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အားလုံးတွင် တာဝန် ရှိပါကြောင်း။

၂၀၁၅ ရွေးကောက်ပွဲ သည် မိမိတို့ နိုင်ငံအတွက် အလွန် အရေးကြီးသည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေး စနစ် အောင်မြင်စွာ ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်ဟုသာ သဘောမထားဘဲ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ပြည်သူများက ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိသည့် ရွေးကောက်ပွဲ ဖြစ်အောင် စည်းမျဉ်း၊ စည်းကမ်း ဘောင်အတွင်းက ဝိုင်းဝန်း အကောင်အထည် ဖော်ရာ၌ ပြည်သူများအားလုံး ပါဝင်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသ ကောင်းရာကောင်းကျိုး လုပ်ပေးနိုင်သူ များကို ရွေးချယ် ပေးနိုင်ရန် လိုအပ်ပါကြောင်း။

မိမိတို့ လွှတ်တော် အတွင်း၌ နိုင်ငံနှင့် နိုင်ငံသား အကျိုးအတွက် ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်သည့် အယူဝါဒစွဲ မထားဘဲ အားလုံး ပူးပေါင်းဆောင်ရွက်လျက် ရှိသည်မှာ လွှတ်တော်၏ မှုဝါဒပင် ဖြစ်ပါကြောင်း၊ ပါတီ အချင်းချင်း လုပ်ဖော်ကိုင်ဖက် အဖြစ် သဘောထားသည့် အတွက် လွှတ်တော် လုပ်ငန်းများ အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော် လုပ်ငန်းများ အောင်မြင်သည့် အတွက် နိုင်ငံ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ပြုပါကြောင်း၊ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေ များသည် အစိုးရနှင့် လွှတ်တော် အတွက် မဟုတ်ဘဲ ပြည်သူများ၏ အကျိုးစီးပွား ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ အများအကျိုး အတွက် ဆောင်ရွက်ရာတွင်  ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တင်ပြချက်များ အပေါ် အချို့ကို ချက်ခြင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အချို့ အချက်များကို အချိန် အတိုင်းအတာ တစ်ခုအတွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အုတ်တွင်းမြို့ ကန်ကလေးတောရ ကျောင်းတိုက် သို့ သွားရောက်၍ ကျောင်းတိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော် များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေး ဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်

Standard (Image)