ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်းဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇူလိုင်(၁) ရက်နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ ၌တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်မှုအခြေ အနေများ၊၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးနေမှု အခြေအနေများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့်လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးကိုကိုနိုင်၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်စင်ကာပူ သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူပြည်ထောင်စုသမ္မတမြန် မာနိုင်ငံဆိုင်ရာစင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua လည်းတက်ရောက်ခဲ့သည်။
စင်ကာပူ သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ အမျိုးသား လုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး နှင့်ပြည်ထဲရေးဝန်ကြီး မစ္စတာတိုချီဟန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ (၆၆) ရက်မြောက်နေ့ အစည်းအဝေး ကျင်းပနေမှုအား လေ့လာကြည့်ရှုခဲ့ကြသည်။
၂၀၁၅ခုနှစ်၊ဇူလိုင်လ (၂) ရက်
