၂၀၁၅ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ ဝင် များ ဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအကြီးအမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာ စကားပြောကြားရာတွင် လာမည့် နိုဝင်ဘာ ၁၆ ရက်၌ ပထမအကြိမ် လွှတ်တော်များ၏ (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်း သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်၌ ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးများ၌ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဦးစားပေး ဆောင်ရွက်သွားရန်ရှိကြောင်း၊ ထို့ပြင် အရေးကြီးသည့် ဥပဒေများကို ဦးစားပေးအလိုက် ရရှိသည့်အချိန်ပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲအပြီးကာလ၌ ကျင်းပသည့် အစည်းအဝေးဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ နေထိုင်၊ သွားလာရေးကိစ္စရပ်များကို ယခင်ကာလများထက် ဂရုစိုက်ပေးရန် လိုကြောင်း၊ ၂၀၁၆ ခုနှစ်ဦးပိုင်းတွင် ပေါ်ပေါက်လာမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်အသစ်များ တည်းခိုနေ ထိုင်ရေး အပါအဝင် ကော်မတီဆိုင်ရာလုပ်ငန်းများကို ယခုကာလကတည်းက ကြိုတင်ပြင်ဆင် ရမည်ဖြစ်ပြီး လက်ရှိလုပ်ငန်း ကော်မတီ၌ ပါဝင်ကြသည့် သူများကပင် လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးများနည်းတူ ယခုအစည်း အဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း စေတနာထား ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၁၅ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေး ကျင်းပရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲ များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တက်ရောက်ကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး တင်ပြချက်များ အပေါ် ပြည်ထောင်စုလွှတ်တော်နာယက က (၁၃) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများ ကျင်းပမှုကို မြန်မာ့ရုပ်/သံနှင့် SKY NET ရုပ်/သံ လွှတ်တော်လိုင်းများမှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသရေး၊ လွှတ်တော်အစည်းအဝေး ခန်းမများအတွင်း အသံစနစ်နှင့် ဆန္ဒမဲပေး စနစ်များ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်
