လွှတ်တော်အသီးသီး၏ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ဦးစားပေးဆောင်ရွက်ရမည့် ဥပဒေကြမ်းများ နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် တွဲဖက်အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကော်မရှင်တို့မှ အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က အမှာစကား ပြောကြားရာတွင် လက်ရှိလွှတ်တော်အစည်းအဝေးများသည် ပထမအကြိမ်လွှတ်တော်၏ နောက်ဆုံး အစည်းအဝေး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းကို အတည်ပြုရန်နှင့် လွှတ်တော်အသီးသီး၌ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများကို ဦးစားပေးအလိုက် အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအချိန်ရရှိမှု အပေါ်မူတည်၍ ဥပဒေကြမ်းများကို စိစစ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့က လွှတ်တော်အသီးသီးတွင် ကျန်ရှိသည့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မရှင် အဖွဲ့ဝင်များက ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ အကြံပြု တင်ပြခဲ့ကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က ပြန်လည်သုံးသပ် ဆွေးနွေးရာတွင် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် ဆောင်ရွက်ရန်နှင့် ဥပဒေကြမ်းများ အမြန် ပြီးပြတ်ရေးအတွက် သက်ဆိုင်ရာ ဥပဒေကြမ်းကော်မတီများနှင့် ကော်မရှင်များက ကြိုတင်လေ့လာ ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်
