ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဇေယျာသီရိမြို့နယ်မှ ဒေသခံပြည်သူ များအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ စိမ်းစားပင်ကျေး ရွာ အောင်မြေဘုံရတနာကျောင်းတိုက် အတွင်းရှိ အောင်ဇေယျာရာမဓမ္မဗိမာန်တော်ကြီး၌ ဒေသ ခံ ပြည်သူများအား တွေ့ဆုံအမှာ စကားပြောကြားသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြို့နယ်သူ၊ မြို့နယ်သားများ၊ မဲဆန္ဒရှင် ပြည်သူများနှင့်အတူ ငါးနှစ်နီးပါးကာလအတွင်းမိသားစုစိတ်ဓာတ်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့၍ အထူးပင်ဝမ်းမြောက်ကြည်နူးရပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ကျန်းမာစွာဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက် ဟူသောဆောင်ပုဒ်နှင့်အညီဇေယျာသီရိမြို့နယ်ကိုအခြေခံ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ဇေယျာသီရိမြို့နယ်၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိလုပ်ဆောင်လိုသောအလုပ်များကို တစိုက်မတ်မတ် လုပ်နိုင်ခြင်းဖြစ်ပါကြောင်း၊ ဇေယျာသီရိမြို့အတွင်း ပြည်သူများ၏ စားဝတ်နေရေးအပါအဝင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးလုပ်ငန်းများကိုမိမိတတ်နိုင်သမျှဆောင်ရွက်နိုင်ခဲ့၍ ဝမ်းမြောက်ပါကြောင်း။

မိမိအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိဇေယျာသီရိမဲဆန္ဒနယ်၏ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရှိနေမည်ဖြစ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မိမိ၏ မွေးဖွားရာဇာတိ ဖြူးမြို့နယ်တွင် သွားရောက်ရွေးချယ်ခံမည်ဖြစ်သော်လည်း ဇေယျာသီရိမြို့နယ်၏ အကျိုးစီးပွား အတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိအပေါ်မေတ္တာရှိကြသည့် မြို့နယ်သူ၊ မြို့နယ်သားများအတွက် သာမက တစ်နိုင်ငံလုံးအကျိုးစီးပွားအတွက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်သူ၊ မြို့နယ်သားများ၊ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေဟု ဆုတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်

Standard (Image)