ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အောင်တော်မူ ပိဋကတ်တိုက်အတွင်း ဆောက် လုပ်ပြီးစီးသွားသည့် အောင်တော်မူခန်းမ သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပြီး ဒေသ ခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ပြည်သူ့ လွှတ်တော်ရုံးမှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ ပဲခူူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်က အောင်တော်မူခန်းမသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် မိမိ၏ဇာတိမြေဖြစ်သော ကညွတ်ကွင်းမြို့သို့ အကြိမ်ကြိမ်လာရောက်ခဲ့ပါကြောင်း၊ ယခု လာရောက်သည့် ခရီးစဉ်သည်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လည်းကောင်း၊ ပြည်သူ့ ကိုယ်စားလှယ်တစ်ဦးအနေဖြင့်လည်းကောင်း လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများ၏ အသံကိုနားထောင်ပြီး ပြည်သူ့လိုအပ်ချက်ကိုသိရှိကာ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း လည်း ဖြစ်ပါကြောင်း။
ပြည်သူ့အသံ- လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ- လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်- လွှတ်တော်ကဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို လွှတ်တော်အတွင်း ပြောဆိုဆွေးနွေးချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လွှတ်တော်အစည်းအဝေးများ ရပ်နား ချိန်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သွားရောက်ပြီး ပြည်သူများ၏အသံကို နားထောင်ခြင်း ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဆောင်ရွက်ပေးသင့်သည်ဆိုသော အတွေ့အကြုံများ ရရှိခဲ့ပါကြောင်း။
လူသားတစ်ဦးအနေဖြင့် ဇာတိမမေ့၊ ဘဝမမေ့၊ ဌာနမမေ့ရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ပါက ဌာနအပေါ်သစ္စာရှိရန်လိုအပ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် လည်း လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် လက်ရှိတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်၍ ပြည်သူကို အခြေခံပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသာရရှိရေးအတွက် ဆောင်ရွက်ပေးရ မည်ဟု ခံယူပါကြောင်း၊ လူမှုအသိုင်းအဝိုင်း၌ မေတ္တာ၊ သစ္စာ၊ သံယောဇဉ်တို့ကို အခြေခံ၍ မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက ရင်းနှီးခင်မင်မှုရရှိပြီး လုပ်ငန်းများအောင်မြင်မှု ပိုမို ရရှိနိုင်ပါကြောင်း၊ ကညွတ်ကွင်းဒေသမှ ပြည်သူများအနေဖြင့် လိုအပ်ချက်များ၊ အခက် အခဲများနှင့် မိမိသိရှိသင့်သည်များရှိပါက ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး တင်ပြပေး ကြရန်နှင့် မိမိဘက်ကလည်း တတ်နိုင်သည်များကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ဒေသ၏ လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ Aroma Rose ကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာ ဦးထွန်းမြင့်က အောင်တော်မူ ခန်းမသစ် အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို အောင်တော်မူ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမြင့်မောင်အား လွှဲပြောင်းပေးအပ် သည်။
ထို့နောက် အလှူရှင်များက ကညွတ်ကွင်းမြို့မှ ဆွမ်းလောင်းအသင်း၊ မီးသတ် တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ နာရေး သီးသန့်ကူညီရေးအဖွဲ့တို့ကို အလှူငွေများပေးအပ်ကြပြီး ဒေသခံပြည်သူများကိုယ်စား ဆရာကြီး ဦးမြင့်မောင်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးပြီး နိဂုံချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ဖြူးမြို့သို့ ရောက်ရှိပြီး မြို့နယ်ခန်းမ၌ ကော်မတီ ၃ ရပ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးမှာကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဖြူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေကြသူများအား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်သည့် စီမံခန့်ခွဲရေးကော်မတီများ သည် အဓိကကျပြီး မြို့နယ်အတွင်းရှိသည့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအပြင် ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များ ကိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဥပဒေပြုအဖွဲ့များကလည်း ဒေသလိုအပ်ချက်နှင့် အခက်အခဲများကိုသိရှိပြီး သက်ဆိုင်ရာလွှတ်တော်များမှတစ်ဆင့်တင်ပြပြီး တရား နည်းလမ်းတကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပြည်ထောင်စုအစိုးရကသာ တင်သွင်းခွင့်ရှိသည့် ဥပဒေကြမ်း ၃ ခုဖြစ်သော စီမံကိန်း ဆိုင်ရာဥပဒေကြမ်း၊ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း တို့ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့ချ ဖြတ်တောက်ခြင်းများ လုပ်ဆောင်နိုင်ခွင့်ရှိပါကြောင်း၊ စီမံခန့်ခွဲရေးကော်မတီများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆုံးရှုံးနိုင်မည် မဟုတ်ပါကြောင်း၊ စီမံခန့်ခွဲရေးကော်မတီ၊ ပြည်သူ့ကိုယ်စားလှယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများအားလုံး ပေါင်းစည်းလုပ်ဆောင်သွားမှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်ကျင်းသုံးဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ပြီး ပွင့်လင်းမြင်သာမှုရှိရန်လည်းလိုအပ်ပါကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုမှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဒေသအကြောင်းကို အခြေခံမှသိရှိပြီး လက်တွေ့ဆောင်ရွက်နိုင်ကြသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရ၍ ဝမ်းမြောက်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေး၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်
