ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးတော်ဆောင် အဖွဲ့နှင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသင်းများ (ရန်ကုန်)၏ (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသင်းများမှ အသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး နိုင်ငံတော် ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ ဒုတိယပါမောက္ခချုပ် ဆရာတော် မဟာဂန္ထ ဝါစက ဒေါက်တာဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ ထံမှ ပြန်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် အောင်ဆန်းတောရတပ်ဦးကျောင်း ဆရာတော် မဟာကမ္မဌာနစရိယ အဂ္ဂမဟာ ကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတိသာရ ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင် က ကျေးဇူးတင်စကား ပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်
