ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများလှူဒါန်းခြင်းအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နေပြည်တော်  သြဂုတ်လ  ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝန်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျံှမှု များကြောင့် ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ များမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော် ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံအရပ်ရပ်၌ ရှိကြသည့် ရေဘေးသင့် ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် တပ်မတော်သားကိုယ်စားလှယ် များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ အလှူငွေများ လှူဒါန်းခြင်းဖြစ် ပါကြောင်း၊ ငွေကြေးပမာဏ မများ သော်လည်း ပြည်သူများဒုက္ခရောက်ရချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များက နေ့တွက် စရိတ်များထဲက လည်းကောင်း၊ ဝန်ထမ်းများကလည်း လစာများထဲကလည်းကောင်း၊ လှူဒါန်းခြင်း ဖြစ်ပါကြောင်း။

ယခုရေဘေးအန္တရာယ်သည် နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု များပြားပါကြောင်း၊ နိုင်ငံသားများနှင့် နိုင်ငံတော်ပိုင်ပစ္စည်းများ များစွာ ဆုံးရှုံးပျက်စီးခဲ့ရပါကြောင်း။ ယခုလို နိုင်ငံအတွင်း ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုအပေါ် အားလုံးပူးပေါင်း ပါဝင်၍ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်ကြပါစေဟုဆုတောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တပ်မတော်သားကိုယ်စားလှယ် ၁၀၆ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၇ ဦး စုစုပေါင်း ၄၁၃ ဦးတို့က လှူဒါန်းသည့် အလှူငွေကျပ် (၄၁၃) သိန်းကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြည်ထောင်စု လွှတ်တော်ရုံး ဝန်ထမ်းများနှင့် လွှတ်တော်အထောက် အကူပြုအဖွဲ့ ဝန်ထမ်းများက လှူဒါန်းသည့် အလှူငွေကျပ် ၁၁၇၃၅၀၀ နှင့် ပစ္စည်းများကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင်က ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများက လှူဒါန်းသည့် အလှူငွေကျပ် ၁၁၀၂၅၇၀ နှင့် ပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယနေ့အခမ်းအနားတွင် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် ၄၃၅၇၆၀၇၀ ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်

Standard (Image)