ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ (၄) ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်း ဘူတာမှ ရထားဖြင့် လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ် ကုလားချောင်းကျေးရွာ သို့ သွားရောက်၍ ဧရာဝတီ တာတမံ မကျိုးပေါက်စေရေး နှင့် တာပေါ်ရေ မကျော်စေရေး အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည့် လူမှုရေး အဖွဲ့အစည်းဝင်များ နှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားပြီး တာမကျိုးပေါက်စေရေး နှင့် တာပေါ်ရေ မကျော်ရေး အတွက် တာဝန်ရှိသူများ နှင့် ဒေသခံ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း လက်တွဲ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် အဆိုပါ နံနက်ပိုင်းတွင် မော်တော်ယာဉ် များဖြင့် သာယာဝတီမြို့ မှ ထွတ်ခွာခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတား အနီးရှိ သစ်တောရိပ်သာ သို့ ရောက်ရှိကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့် တွေ့ဆုံ ဆွေးနွေးသည်။
ရှေးဦးစွာ ဆည်မြောင်းဦးစီးဌာန မှ တာဝန်ရှိသူ က ဧရာဝတီ မြစ်ကမ်းဘေးတလျှောက် တာတမံများ တည်ရှိမှု၊ တာတမံများ၏ ကြံ့ခိုင်မှု အခြေအနေ၊ ရေကင်းများ ချထားမှု အပါအဝင် ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် က ဧရာဝတီ မြစ်ရေ ဝင်ရောက်မှု၊ မြစ်ကမ်းဘေးမှ ကျေးရွာများ ရေကြီးနစ်မြုပ်မှု၊ စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ် ပျက်စီးမှု နှင့် မျိုးစပါးများ ပြန်လည် ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု တို့ကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ယခုရက်ပိုင်း အတွင်း အထက်အညာ ဒေသ၌ မိုးရွာသွန်းမှု များပြားပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာသည့် အကျိုးဆက်ကြောင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင် အတွင်းရှိ မြို့နယ်များတွင် ရေဘေးဒုက္ခ ကြုံတွေ့ စေနိုင်သည့် တာကျိုးခြင်း၊ တာပေါ်ရေကျော်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သတိပြု ဆောင်ရွက်ရန် လိုကြောင်း၊ ယခုကာလ အတွင်း အထူး သတိဝီရိယထား ဆောင်ရွက်ရန် လိုကြောင်း။
တာကျိုးခြင်း၊ တာပေါ်ရေကျော်ခြင်းများ ဖြစ်ပွားပါက ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ဆုံးရှုံး ပျက်စီးနိုင်သည့် အပြင် စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်ပြီး စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီး ဆုံးရှုံးနိုင်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်ကို အားရဖွယ တွေ့ရှိရပါကြောင်း၊ တာမကျိုး၊ ရေမကျော်ရေး အတွက် ဆည်မြောင်း ဦးစီးဌာန က အဓိက တာဝန်ယူပြီး ရေကင်းစောင့်ခြင်း၊ သဲအိတ် ထပ်ဆင့်ခြင်း လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက် ရှိကြသည့် လူမှုရေး အဖွဲ့အစည်းဝင်များ နှင့် ဒေသခံ ပြည်သူများ အတွက် စားသောက်ရေး၊ ယာယီနေထိုင်ရေး၊ ကျန်းမာရေး ကိစ္စများကို ဖြည့်ဆည်းပေးရန် လိုကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များ နှင့်အတူ ညောင်တုန်းမြို့ အမှတ် (၃) ရပ်ကွက် နှင့် အမှတ် (၄) ရပ်ကွက်ကြား (၁၂) လမ်းအနီး ညောင်တုန်း ကမ်းပတ်တာတွင် ပန်းလှိုင်မြစ်ရေ မြင့်တက်မှုကို တပ်မတော်သားများ၊ လူမှုရေး အဖွဲ့အစည်းဝင်များ၊ ဒေသခံ ပြည်သူများ က သဲအိတ်များချ၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ညောင်တုန်းမြို့ ကမ်းပတ်တာ ကြံ့ခိုင်မှုရှိရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများ နှင့် ဒေသခံ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားပြီး လုပ်အားပေးကြသည့် တပ်မတော်သားများ၊ လူမှုရေး အဖွဲ့အစည်းဝင်များ နှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၏ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်း ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို လှည့်လည် ကြည်ရှု့စဉ် အတွင်း ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေကြသူများ အတွက် မီးအိမ်များ နှင့် အလှူငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်
