ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း မန္တလေးတိုင်းဒေသကြီး အမရပူရ၊ စဉ့်ကိုင်နှင့် မြစ်သားမြို့တို့၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်တွင်မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် (မြစ်ငယ်မြို့) အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်၊ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး    ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ နှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က မိမိနှင့်အဖွဲ့ အမရပူရ မြို့နယ်သို့ ရောက်ရှိလာသည့် ရည်ရွယ်ချက်မှာ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုုင်တွင် ပါဝင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် အတွင်း၌ ဒေသဖွံ့ဖြိုးရေး အတွက် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုနှင့် ဥပဒေကြမ်းများ တင်သွင်း ဆွေးနွေးခြင်း တို့ကို တက်တက်ကြွကြွ ဆောင်ရွက်လျက် ရှိပါကြောင်း၊ “ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့တို့၏ မျှော်လင့်ချက်-လွှတ်တော် က ဖော်ဆောင်ရွက်” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ အကျိုးကို ဖော်ဆောင်ပေးလျက် ရှိပါကြောင်း။

လွှတ်တော် အတွင်းမှ ကိုယ်စားလှယ်များ၏ အသံများအပြင် ဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူများနှင့် တိုက်ရိုက် ထိတွေ့ခြင်းဖြင့် ပိုမိုပြည့်စုံသည့် အကြောင်းအချက်များ ရရှိပါကြောင်း၊ ရရှိသည့် အကြောင်းအချက် များမှာလည်း တစ်နိုင်ငံလုံး အတွက် အကျိုး ဖြစ်ထွန်းစေသည့် အတွက် လွှတ်တော် ရပ်နားထားသည့် အချိန်များတွင် ပြည်သူများ၏ အသံကို ကြားသိရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ပြည်သူများ၏ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်သူများနှင့် တွေ့ဆုံခြင်းဖြင့် ဒေသအကျိုးကို ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါ ဒေသ အချို့၌ မိုးရွာသွန်းမှု များပြားပြီး လမ်း၊ တံတားများ နှင့် လူနေအိမ်များ ပျက်စီးခြင်း၊ ကျွဲ၊ နွားများ ရေလွတ်ရာသို့ ရွေ့ပြောင်းရခြင်းများ ဖြစ်ပေါ်နေ၍ ယခုကဲ့သို့ တာဝန် ရှိသူများနှင့် တွေ့ဆုံခြင်းဖြင့် ရေဘေး ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို စဉ်းစားဆောင်ရွက် ထားနိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် မိမိတို့ ရပ်ရွာအကျိုး၊ ဒေသ အကျိုးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့မိမြို့ဖများက ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သ့ူလွှတ်တော် ဥက္ကဋ္ဌ က ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ယနေ့မှစ၍ ရေတွက်ပါက လာမည့် (၉၉) ရက် အကြာတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲသည် မိမိတို့ိ နိုင်ငံအတွက် အလွန် အရေးကြီးပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာလျှင် မိမိတို့ နိုင်ငံကို ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးပြီး ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေးစနစ် မတည်ဆောက် နိုင်လျှင် ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်မည် မဟုတ်သည်ကို သမိုင်း သင်ခန်းစာအရ သိရှိကြပြီး ဖြစ်ကြောင်း။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် အားလုံးပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ ရွေးချယ်လိုက်သူသည် နိုင်ငံကို တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးနိုင်သူ ဖြစ်ရန်လိုကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် မိမိအပေါ် ယုံယုံကြည်ကြည်ဖြင့် တင်ပြကြခြင်းကို အသိအမှတ် ပြုပါကြောင်း၊ မိမိတို့သည် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်၍ ပြည်သူဘက်က ရပ်တည်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားကာ  တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် မန္တလေး-စစ်ကိုင်း လမ်း ဝဲယာ တစ်လျှောက် ခေတ္တ ပြောင်းရွေ့ နေထိုင်ကြသည့် ဧရာဝတီ မြစ်ရေဝင် ကျေးရွာများ ဖြစ်ကြသော ရွေကြက်ယက် ကျေးရွာအုပ်စု အတွင်းမှ အိမ်ထောင်စုဝင် များအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ  လိုအပ်ချက် များအား တာဝန်ရှိသူများ နှင့် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များ နှင့်အတူ မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က စဉ့်ကိုင်မြို့နယ် သည် စိုက်ပျိုးရေးကို အခြေခံသည့် မြို့နယ်တစ်ခု ဖြစ်ပြီး စီးပွားရေး တိုးတက်လာသည် နှင့်အမျှ လူမှုရေးအပိုင်း မြင့်မားလာပြီး နိုင်ငံရေး အရလည်း နိုးကြားမှုရှိသော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူများ ကိုယ်စား တက်ရောက် လာကြသူများ၏ တင်ပြချက်များ အပေါ် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး အဆင့် သူ့အဆင့်နှင့်သူ ဆောင်ရွက်ပေးရမည့်  ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း နှင့် မြို့နယ်၏ လိုအပ်ချက်၊ အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်  တက်ရောက် လာကြသော ကော်မတီ (၃) ရပ်မှ တာဝန် ရှိသူများ၊ မြို့နယ် ပညာရေးမှူး၊ မြို့မိမြို့ဖများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ၊ တိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့် တို့က ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သ့ူလွှတ်တော် ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။       

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့သို့ ရောက်ရှိပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေး မှာကြားသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မြစ်သားဒေသ ပြည်သူများ၏  လိုအပ်ချက်၊ အခက်အခဲ များကို တာဝန် ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းနိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများ အနေဖြင့် ပြည်သူများ ကိုယ်စား ပွင့်ပွင့်လင်းလင်း တင်ပြကြရန် ဖိတ်ခေါ်ပါကြောင်း နှင့် တင်ပြချက် များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပြည်ထောင်စု အဆင့် တို့က သူ့အဆင့်နှင့်သူ ဖြေရှင်းပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ နှင့် လူမှုရေး အဖွဲ့အစည်း များမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများ က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များ အပေါ် ပြည်သ့ူလွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၂ ရက် 

Standard (Image)