ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား အာဆီယံအင်ဂျင် နီယာအသင်းများ အဖွဲ့ချုပ် ( ASEAN Federation of Engineering Organisations - AFEO )က ချီးမြှင့်သော AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ပေး အပ်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ  ၁၇ရက် နေ့ နံနက် (၀၈း၃၀)နာရီချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင် က AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့် ပေးအပ်ရခြင်းနှင်‌့စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် - "ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် အင်ဂျင်နီယာမဟုတ်သော်လည်း အင်ဂျင်နီယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာ ပညာရပ်ပြန့်ပွားရေး၊ အင်ဂျင်နီယာ ကောင်စီဥပဒေ ပေါ်ပေါက်ရေးတို့နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်မှာ နိုင်ငံတစ်နိုင်ငံ၏ ထင်ရှားသော အကြီးအကဲများ၊ ခေါင်းဆောင်များကိုသာ ဂုဏ်ပြုချီးမြှင်‌့ခြင်း ဖြစ်ပါကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အာဆီယံအင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်(AFEO) ဥက္ကဋ္ဌ ကိုယ်စား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင် က ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အား AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင်‌့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် -

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်သည့်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တဆင့် အာဆီယံ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် (AFEO) ကို ကျေးဇူး အထူးတင်ရှိပါကြောင်း။ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို တစ်သီးပုဂ္ဂလ ဂုဏ်ပြုခြင်းထက် လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် ကော်မတီ များသို့ ဂုဏ်ပြုပေးအပ်သည်ဟု သတ်မှတ်ပါကြောင်း။ မြန်မာနိုင်ငံတွင် ယခင်က လွှတ်တော်များ မရှိခဲ့ပါကြောင်း။ ယနေ့ မြန်မာနိုင်ငံတွင် လွှတ်တော်များရှိလာပြီ ဖြစ်ပါကြောင်း။ လွှတ်တော်များရှိလာသည့်အတွက် ဒီမိုကရေစီ ရှိလာပြီဖြစ်ပါကြောင်း။ လွှတ်တော်များသည် ဒီမိုကရေစီအတွက် အဓိကကျသည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ၏ အသက်ဝိဉာဉ်၊ အသက်သွေးကြောများ ဖြစ်ပါကြောင်း။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏တာဝန်ကို အောင်မြင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။

လွှတ်တော်အနေဖြင့် အင်ဂျင်နီယာကောင်စီဥပဒေ သာမက ဆေးကောင်စီဥပဒေ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ အလုပ်သမားနှင့် သက်ဆိုင်သည့်ဥပဒေ စသည်တို့အပါအဝင် ဥပဒေပေါင်း (၁၉၈)ခုအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ လွှတ်တော်၏ဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာက များစွာ အသိအမှတ်ပြု ချီးကျူးကြသည် ဆိုသော်လည်း ယခုကဲ့သို့ သက်သေပြစရာ အထောက်အထားဖြင့် ချီးမြှင့်ဂုဏ်ပြုမှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် မဟုတ်တော့ဘဲ သာမန်ပြည်သူတစ်ယောက်ပဲ ဖြစ်ပါကြောင်း။ သို့သော် နိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကိုသစ္စာရှိရန်၊ နိုင်ငံကို ချစ်မြတ်နိုးရန်၊ နိုင်ငံကို ကာကွယ်ရန်၊ နိုင်ငံကိုတည်ဆောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့်အားလျော်စွာ မိမိရောက်ရှိသည့်နေရာ ရရှိသည့်အချိန်ပေါ်မူတည်၍ ရနိုင်သလောက် ဆောင်ရွက်သွားနေမည်သာ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဝင်းမြင့်နှင့် ဦးစိုးတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ပြည်သူ့ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ  ၁၈ရက်

Standard (Image)