ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဇေယျာသီရိမြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာစကားပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့ ညနေ ၅ နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှူးရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှ ပြည်သူများ၏ တင်ပြချက် များအပေါ် အရေးယူဆောင်ရွက်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးထားသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀)နှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဇေယျာသီရိမြို့နယ်အတွက် လုပ်ငန်းများ ရရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဇေယျာသီရိမြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်အား သက်ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ လူထုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် သို့မှသာ နိုင်ငံသားကောင်း(Good Citizen)ပီသမည် ဖြစ်ကြောင်းဖြင့် ပြောကြားကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

Standard (Image)