မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းအဝေး (၃/၂၀၁၅)ကျင်းပ

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး(၃/၂၀၁၅) ကို၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာ အဆောက်အအုံ၊ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယအကြိမ် လွှတ်တော်များကို ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ အမျိုးသားလွှတ်တော်အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ကလည်း ကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ အတွက် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက လည်းကောင်း ခေါ်ယူကျင်းပပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ပေါ်ပေါက်လာခြင်း သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူစဉ် ကြိုးပမ်းရာမှ အခြေခံခဲ့ပါကြောင်း၊

နောင်လာမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပါဝင်မည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ကို ဆက်လက်ဖွဲ့စည်း လုပ်ဆောင်မည်ဆိုပါက ယခုလုပ်ဆောင်နေသည့် ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပထမအကြိမ် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ဆွေးနွေးပေးကြစေလို ကြောင်း၊ ယခုအစည်းအဝေးသည် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်း၏ နောက်ဆုံးအစည်းအဝေး ဖြစ်နိုင်ပါကြောင်း၊ ဥပဒေအရ ပေးထားသည့်အခွင့်အရေးများကို ရရှိသည့်အနေအထားပေါ်တွင်မူတည်၍ မိမိတို့ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြပါကြောင်း၊ မလုပ်နိုင်ခဲ့သည့် လုပ်ငန်းများကို နောင်လွှတ်တော်များက ဆက်လက် လုပ်ဆောင်သွားစေလိုပါကြောင်း။ လက်ရှိ လွှတ်တော်များသက်တမ်းအတွင်းကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်များကို သုံးသပ်၍ သင်ခန်းစာဖော်ထုတ်ပြီး နောင်ကျင်းပမည့် လွှတ်တော်များ ယခုထက် ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် စေတနာဖြင့် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ကို IPU အဖွဲ့ဝင်ဖြစ်ရန် ကိစ္စပေါ်ပေါက်ခဲ့သည့် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရကာစက MPU ရှိခဲ့သော်လည်း ယခုပုံစံမျိုး မဟုတ်ပါကြောင်း၊ MPU သည် လွှတ်တော်အားလုံး၏ လွှတ်တော်အခွင့်အရေးကော်မတီများပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် အရေးကိစ္စကြုံလာပါက အားလုံးတွေ့ဆုံ ဆုံးဖြတ်ရန်အတွက်လည်း ရည်ရွယ်ပါကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအနေဖြင့် မိမိတို့ဒေသ၌ ပထမဆုံးတာဝန်ယူခဲ့သူများ ဖြစ်ပါကြောင်း၊ နောင်လွှတ်တော်အတွက် ဆက်ခံမည့် ပုဂ္ဂိုလ်များကို စနစ်တကျ လွှဲပြောင်းလုပ်ဆောင်သွားရန်နှင့် MPU အဖွဲ့မှ တဆင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က (၂/၂၀၁၅) အစည်းအဝေး ဆုံးဖြတ်ချက်များ အပါအဝင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး တင်ပြချက်များ အပေါ် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ကပြန်လည်သုံးသပ် ဆွေးနွေး ကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်

Standard (Image)