ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများခေါ်ယူကျင်း ပနိုင်ရေးအတွက်ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နံနက် (၈:၃၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဆောင်အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ဒုတိယအကြိမ် လွှတ်တော်အသီးသီး ကျင်းပရေး အတွက်ပြုလုပ်သည့် အစည်းအဝေးဖြစ်သကဲ့သို့ နိုဝင်ဘာ(၁၉)ရက်နေ့က မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက် (၅)ချက်အနက်မှ အစိတ်အပိုင်းတစ်ခုကို အကောင်အထည် ဖော်ခြင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက်သည် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးသာမက နိုင်ငံရေးအနှစ်သာရများစွာ ပါဝင်ပါကြောင်း။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပါအဝင် လွှတ်တော်များအားလုံး ၂၀၁၆ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်များကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူရန်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အများစု ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်အများစု ပါရှိမည်ဖြစ်သည့်အတွက် တည်းခိုနေထိုင်ရေးအတွက် ကြိုတင်စီမံထားရန်လိုကြောင်း။

ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်များက စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီကြိုတင်၍ အမိန့်ပြန်တမ်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အသစ်ဝင်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခု လွှတ်တော်သက်တမ်းမပြီးဆုံးမီ ခေါ်ယူရမည် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များလုံခြုံရေး၊ သွားလာ ရေး၊ တည်းခိုရေး၊ စားသောက်ရေးပါမကျန် ပြည့်ပြည့်စုံစုံ စီမံသွားရန်လိုကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင် စနစ်တကျလုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိတာဝန်ရှိသူများတွင် လုံးဝတာဝန်ရှိပါ ကြောင်း၊ လွှတ်တော်၏ဂုဏ်သိက္ခာ၊ နိုင်ငံ၏ဂုဏ်သိက္ခာ မြင့်မားရေးအတွက် တာဝန်ရှိသူများအနေဖြင့် မြင့်မြတ် သည့်စိတ်ထားဖြင့် လုပ်ဆောင်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားပြောကြားရာတွင် လွှတ်တော်တစ်ခုပြီးတစ်ခု အောင်မြင်မှုရရှိရန်အတွက် ရှေ့ကတာဝန်ယူသွားသူများတွင် တာဝန်ရှိပါကြောင်း၊ ပထမအကြိမ် လွှတ်တော်များအတွက် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက စီစဉ်ပြင်ဆင်ပေးခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် မည်သူပင် နိုင်သည် ဖြစ်စေ မြန်မာနိုင်ငံရေးလောက၌ လွှတ်တော်ခိုင်မာရေး အတွက် ဝိုင်းဝန်းပြင်ဆင်ပေးရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်များ ခိုင်မာသည်ထက် ခိုင်မာအောင် ကောင်းသည်ထက်ကောင်းအောင် မိမိတို့နိုင်ငံ ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာမြင့်မားအောင် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ၂၀၁၅ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ အတွင်းရေးမှူးက ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အထွေထွေ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

Standard (Image)