ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကနေဒါ ပါလီမန်ဆိုင်ရာစင်တာမှ ညွှန်ကြားရေးမှူး Mr.Ivo Bakinov နှင့် ဒီမိုကရေ စီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (IDEA) မှ ဌာနေကိုယ်စား လှယ် Mr. Jorge Valladares တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၀၉း၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကနေဒါနိုင်ငံအကူအညီဖြင့် လွှတ်တော်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ လိုအပ်ချက် စစ်တမ်းကောက်ယူမှု အစီရင်ခံစာကိစ္စ၊ ဆက်လက်ကူညီ ဆောင်ရွက်ပေးရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးညီညီထွန်း၊ ဦးစန်းလွင်၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်
