ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူစေးဖိုး ခေါင်းဆောင်သောအဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးပန်းတိုင်သို့ လျှောက်လှမ်းမှုတွင် ၂၁ ရာစုပင်လုံညီလာခံ ဆွေးနွေးမှုများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ဦးစီးဦးဆောင်ပြုနေသူများနှင့် ပါဝင်ပတ်သက်သူများ၏ စေတနာ၊ ဇွဲ၊ လုံလ၊ သတ္တိနှင့် အချင်းချင်းအပြန်အလှန် ယုံကြည်လေးစားမှု ရရှိရေးအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးခင်မောင်ထွန်း၊ ဦးဇော်မြင့်ဖေ၊ ဦးမြသိန်း၊ ဦးမြင့်နိုင်၊ ဦးစောလှထွန်းနှင့် ဒေါက်တာစိုးမိုးအောင်တို့ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူစေးဖိုးနှင့်အတူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ စောရော်ဂျာခင်၊ စောရန်နိုင်နှင့် ဦးငွေစိုးတို့တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
