ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း ဒိန်းမတ်နိုင်ငံ၊ အလုပ်သမားရေးရာဝန်ကြီး H.E.Mr.Jorn Neetgaard Larsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်း ဒိန်းမတ်နိုင်ငံ၊ အလုပ်သမားရေးရာဝန်ကြီး H.E.Mr.Jorn Neetgaard Larsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်း နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးစောတင်ဝင်း၊ ဒေါက်တာစိုးမိုးသူ၊ ဦးကျော်မျိုးမင်း၊ ဦးထွန်းထွန်းနိုင် တို့ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော် ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Peter Lysholt Hansen လည်းတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အလုပ်သမားကဏ္ဍ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ၊ ဒိန်းမတ်နိုင်ငံမှ ပံ့ပိုးကူညီမည့် အခြေခံပညာနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသရှိ ငါးလုပ်ငန်းတွင် အကူအညီပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

Standard (Image)