(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အမှတ် (၁) (MICC – 1) ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်း၊ အာဆီယံပါလီမန်များ ညီလာခံသီချင်း၊ အာဆီယံသီချင်း နှင့် ပြည်ထောင်စုအင်အားသီချင်း တေးသရုပ်ဖော် အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် အာဆီယံပါလီမန်များညီလာခံ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က အာဆီယံပါလီမန်များ ညီလာခံကို ပထမဦးဆုံးအကြိမ် လက်ခံကျင်းပရသည့်အတွက် ပြည်ထောင်စုလွှတ်တော် နှင့် လွှတ်တော် ကိုယ်စားလှယ်များအတွက် များစွာဂုဏ်ယူဖွယ် ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော (၃၂) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံတွင် ပြည်ထောင်စုလွှတ်တော် သည် အာဆီယံပါလီမန်များ ညီလာခံ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် သည် အာဆီယံပါလီမန်များ ညီလာခံတွင် သက်တမ်းအနုဆုံး လွှတ်တော်တစ်ရပ် ဖြစ်သော်လည်း ညီလာခံ အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရန် သန္နိဋ္ဌာန်ချထားပါကြောင်း။
ယနေ့ကာလတွင် မိမိတို့နိုင်ငံသားများသည် အရေးတကြီးနှင့် အဆောတလျင် ဆောင်ရွက်ရမည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပါကြောင်း၊ မိမိတို့၏ စီးပွားရေးတွင်လည်း တစ်နိုင်ငံ၏ လုပ်သားများနှင့် သွင်းကုန်များကို တစ်နိုင်ငံက လိုအပ်လျက်ရှိနေသည့် အခြေအနေဖြစ်ပါကြောင်း၊ ယင်းအခြေအနေနှင့် ဧည့်ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန် မိမိတို့နိုင်ငံများတွင် မျှတစွာ မဆောင်ရွက်နိုင်ကြသေးပါကြောင်း။
ယင်းရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် စိန်ခေါ်မှုသည် မိမိတို့အားလုံး ကြုံတွေ့နေရသည့် အခြားစိန်ခေါ်မှုများဖြစ်သည့် လူကုန်ကူးခြင်းနှင့် ကျား/မ တန်းတူ မရှိမှုတို့နှင့် ဆက်လျက်ရှိပါကြောင်း။
စိန်ခေါ်မှုနောက်တစ်ခုမှာ မိမိတို့၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါ စိန်ခေါ်မှုများနှင့်အတူ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကို မိမိတို့အနေဖြင့် ကျော်လွှားရမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့အားလုံး နေပြည်တော်တွင် တွေ့ဆုံကာ အထက်ပါ ရင်ဆိုင်မှုများကို ကျော်လွှားနိုင်ရန် ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များနှင့် ဥပဒေများကို အဆိုပြုကြမည် ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းတွင် ပြည်သူများကို အလုပ်အကျွေးပြုရန် သန္နိဋ္ဌာန်ချထားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ စိတ်ကောင်း စေတနာထားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခိုင်အမာ သက်သေပြလိုက်ခြင်းပင် ဖြစ်ပါကြောင်း၊ ယခု အာဆီယံပါလီမန်များ ညီလာခံကို အောင်မြင်စွာ ကျင်းပခြင်းအားဖြင့် ပြည်သူတို့အတွက် မိမိတို့အနေဖြင့် ဒီမိုကရေစီအရေးကို အလေးထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြသနိုင်မည် ဖြစ်သကဲ့သို့ အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ကမ္ဘာသို့ ပြသနိုင်မည် ဖြစ်ပါကြောင်း။
အာဆီယံပါလီမန်များအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ညီလာခံတွင် တက်ကြွစွာ ပါဝင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု နှင့် ကျွမ်းကျင်မှုတို့ကို မျှဝေပေးပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲကို မောင်းတီးခတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အာဆီယံပါလီမန်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၊ AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံပါလီမန်များ မျက်နှာစုံညီ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး အာဆီယံပါလီမန် ဥက္ကဋ္ဌများ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ အတွင်းရေးမှူးချုပ်တို့၏ သဘောထား ထုတ်ပြန်ချက်များကို မှတ်တမ်းတင် ဆောင်ရွက်ကြသည်။
အာဆီယံပါလီမန်များ ညီလာခံကို ၁၉၇၅ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စတင်ကျင်းပခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် ညီလာခံ၌ အာဆီယံပါလီမန်များအဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်း (AIPO Statutes) ကိုအင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး AIPO ၏ ဖွဲ့စည်းပုံစည်းမျဉ်း (၁၀) အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နှစ်လျှင်တစ်ကြိမ် အစည်းအဝေးများကို အက္ခရာစဉ်အလိုက် အလှည့်ကျ တာဝန်ယူ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် (၂၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို လေ့လာသူအဖြစ် စတင်တက်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် (၃၂) ကြိမ်မြောက် အစည်းအဝေးတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ၏ ဆောင်ပုဒ်မှာ “အာဆီယံ အသိုက်အဝန်း တိုးတက်ထွန်းကားရေး အာဆီယံပါလီမန်များ ညီလာခံက တက်ကြွလှုပ်ရှားပေး” ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
