(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဂုဏ်ပြုညစာစားပွဲ ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ (၇) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနအမှတ် (၁) (MICC–1) ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ဦးကျော်ဝင်း၊  အာဆီယံပါလီမန်များမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ AIPA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ဒေသတွင်း ရင်ဆိုင်လျက်ရှိသော စိန်ခေါ်မှုအသစ်များကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ဆွေးနွေးနိုင်ရန်အတွက် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသည် အာဆီယံပါလီမန်များ၏ တွေ့ဆုံဆွေးနွေးနိုင်မည့် နေရာအဖြစ် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံဒေသအတွင်း နေထိုင်ကြသည့် ပြည်သူသန်း ၆၀၀ ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန်၊ မိမိတို့ ဝေမျှခံစားနိုင်မည့် အကျိုးစီးပွား ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းရာတွင် ဒေသ၏ နိုင်ငံရေးနှင့်လုံခြုံရေး တည်ငြိမ်မှု ထိန်းသိမ်းရန် ရည်ရွယ်ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း။

အာဆီယံ အသိုက်အဝန်းကို တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော တူညီ ကိုယ်စားပြုမှုနှင့် တစ်ခုတည်းသော အသိုက်အဝန်း ဆောင်ပုဒ်နှင့်အညီ တည်ဆောက်လျက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ထူထောင်ပြီးနောက် ၂၀၂၅ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ကို ဖော်ဆောင်ရန်အတွက် ရှေးရှုနေကြပါကြောင်း၊ ဥပဒေကို အခြေပြုသည့် အားလုံးပါဝင်ပြီး သည်းခံမှုနှင့် အလယ်အလတ် လမ်းစဉ်ကို ဦးတည်သည့် အသိုက်အဝန်း တစ်ရပ်အတွက် မိမိတို့ အတူတကွ ဝိုင်းဝန်းကြိုးပမ်းလျက် ရှိပါကြောင်း။

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အခွင့်အရေး ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊ အာဆီယံပါလီမန်များ ညီလာခံအဖွဲ့ဝင် လွှတ်တော်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအသင်းကြီးနှင့် တူညီသော လမ်းကြောင်းပေါ် လျှောက်လှမ်းနေရသည့်အတွက် ကျေနပ်အားရပါကြောင်း၊ မိမိတို့၏ တူညီသော ပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်သော အာဆီယံပါလီမန်များ အထွေထွေညီလာခံဖြစ်ရန် ခိုင်မာသေချာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည့် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် အတူတကွ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မင်္ဂလာပါ အာဆီယံယိမ်း၊ မြန်မာ့ဆုတောင်းယိမ်း၊ နတ်တို့ပျော်ရာ ဝတိံသာယိမ်း၊ ကချင်တိုင်းရင်းသား ရိုးရာယိမ်း၊ အိုးစည်ဒိုးပတ်ယိမ်း၊ နန်းသိဂီနန်းတွင်းယိမ်း၊ ခိုင်ပန်းစုံသုံးစုံယိမ်း၊ မြန်မာတိုင်းရင်းသားများနှင့် အာဆီယံ စုပေါင်းယိမ်း အကများ၊ တစ်ခုတည်းသော အာဆီယံသီချင်း၊ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

Standard (Image)