Committee on Women Parliamentarians of AIPA အစည်းအဝေးပွဲ ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲနေ့တွင် Committee on Women Parliamentarians of AIPA အစည်းအဝေးပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ The Hotel Royal ACE ရန်ကုန်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်က WAIPA ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာဆီယံပါလီမန် အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးလွှတ်တော် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်က အဖွင့်အမှာစကားပြောကြားရာ၌ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး ကိစ္စရပ်များတွင် အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးရရှိရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်စေရေးဆိုင်ရာများ၊ အမျိုးသမီးများကို လူကုန်ကူးခံရခြင်းမှ အကာအကွယ်ပေးရေးနှင့် ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးရေး ဆိုင်ရာများ၊ အမျိုသမီးများ၏ လူမှုဘ၀ လုံခြုံမှုရရှိစေရေးနှင့် အမျိုးသမီးများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အထူးအလေးထား ထည့်သွင်းဆွေးနွေးရန် တိုက်တွန်းပြောကြားသည်။

အစည်းအဝေးတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များအတွက် လုပ်ထုံးလုပ်နည်းများ၊ လူမှုရေးအရ ကာကွယ်ပေးခြင်းနှင့် တန်းတူညီမျှ အခွင့်အရေးပေးခြင်းဖြင့် အာဆီယံနိုင်ငံများရှိ အမျိုးသမီးများအတွက် သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင် ဖန်တီးပေးရေးတို့ကို အတည်ပြုဆွေးနွေးခဲ့ပြီး အာရှတစ်ဝန်းရှိ အမျိုးသမီးဝန်ထမ်းများ၏ မီးဖွားခြင်းဆိုင်ရာ အခွင့်အရေးများ တိုးမြှင့်ပေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

အလားတူညနေ (၃) နာရီတွင် အဆိုပါဟိုတယ် တနင်္သာရီခန်းမ၌ Committee on Organizational Mattersအစည်းအဝေးပွဲကို ဆက်လက်ကျင်းပရာ ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက တာဝန်ယူဆောင်ရွက်ပြီး အာဆီယံပါလီမန်များညီလာခံ (AIPA) ၏ ရုံးလုပ်ငန်းဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ အချက် (၁၃) ချက်ကိုဆွေးနွေးရာ ၁၁ ချက်ကို အတည်ပြုခဲ့ပြီး ကျန် (၂) ချက်အားလာမည့် အထွေထွေညီလာခံတွင် ဆက်လက် ဆွေးနွေးအတည်ပြုနိုင်ရန် သဘောတူကြကာ (၃၈) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ ကျင်းပမည့် နေ့နှင့်နေရာကို သတ်မှတ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

Standard (Image)