၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဖြူးမြို့နယ်အတွင်းရှိ ကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇွန်လ၂၆ ရက်နေ့နံနက်(၁၀)နာရီတွင်ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ခန်းမ၌ကျင်းပရာ ပြည်ထောင် စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်သည့်အလျှောက် နိုင်ငံကို ချစ်မြတ်နိုးစိတ်နှင့် နိုင်ငံအပေါ် တာဝန်ကျေပွန်စေလို ကြောင်း၊ မိမိတို့နိုင်ငံကို အများနိုင်ငံများနည်းတူ တိုးတက်လိုစိတ် မွေးမြူထားသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ပါဝင် ကြစေလိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းရာတွင် မိမိဒေသ၊ မိမိရပ်ရွာနှင့် မိမိဇာတိကို အခြေခံပြီး အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်စေလို ကြောင်း၊ သို့မှသာ တိုင်းပြည်ကိုချစ်မြတ်နိုးရာရောက်ပြီး မျိုးချစ်စိတ်ဓာတ်ကို မှန်မှန်ကန်ကန်ဖြင့် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် အုတ်တစ်ချပ်သဲတစ်ပွင့် အနေဖြင့် ရောက်ရာနေရာ၊ ကျရာကဏ္ဍမှ စေတနာဖြင့် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း၊ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နောင်လာမည့် မျိုးဆက်သစ်များ စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်လာ စေရေးသည် ဆရာ၊ ဆရာမများတွင် အဓိကကျသလို ကျောင်းသားမိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာအရပ်ရပ်ကို ကျွမ်းကျင်စွာတက်ရောက်သူများ၊ တီထွင်ကြံဆနိုင်သူများ၊ ပိုင်းခြားဝေဖန်နိုင်သူများ၊ ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်လျှင် မိမိတို့နိုင်ငံ တည်ဆောက်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင်များစွာ အကျိုးရှိနိုင် မည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းတို့မှ အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် ငါးဘာသာဂုဏ်ထူးရှင် (၂) ဦးအား ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဇနီး မန်းအောင်ငြိမ်းဖောင်ဒေးရှင်း နာယက ဒေါ်ခင်လေးသက်ကလည်းကောင်း၊ လေးဘာသာရှင် (၈) ဦးအား ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူး တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်တို့မှ လည်းကောင်း၊ သုံးဘာသာ ဂုဏ်ထူးရှင် (၂၁) ဦးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွန့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြသောင်း တို့က လည်းကောင်း၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၀) ဦးအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန် ကလည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆၁) ဦးတို့အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ တိုင်း၊ ခရိုင် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း ဆုချီးမြှင့်ပေးခဲ့ကြ သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ပထမအောင်ချက် အကောင်းဆုံး ကျောင်းနှင့် ဒုတိယအောင်ချက် အကောင်းဆုံးကျောင်းတို့အားလည်းကောင်း၊ မြို့နယ်ပညာရေးမှူးက တတိယအောင်ချက်အကောင်းဆုံး ကျောင်းအားလည်းကောင်း၊ ကညွတ်ကွင်းဒေသရှိ ဒေါက်တာကျော်မြင့်က အလယ်တန်းကျောင်းများမှ အောင်ချက် အကောင်းဆုံးကျောင်း အားလည်းကောင်း၊ ညောင်ပင်သာမှ ဦးမောင်မြင့်က မူလတန်းကျောင်းများမှ အောင်ချက် အကောင်းဆုံးကျောင်းအားလည်းကောင်း ဆုချီးမြှင့်သည်။
အလားတူ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းနှင့် မူလတန်းကျောင်းစုစုပေါင်း (၂၂၃) ကျောင်းရှိ ကျောင်းအုပ် ဆရာ၊ ဆရာမများ အားလည်းကောင်း ဂုဏ်ပြုငွေချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်း ကျောင်းတို့မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအား ရွှေဖြူးဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။
ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သောကျေင်းသူ မနန်းငြိမ်းငြိမ်းစံနှင့် ဖြူးမြို့နယ်အတွင်း၂၀၁၅၊ ၂၀၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဖြင့် ပထမဆုရရှိသော ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်တို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဖြူးမြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဖြူးမြို့နယ်ပညာရေးမှူးက ရှင်းလင်းတင်ပြပြီး ကောင်းကျိုးဆောင်အဖွဲ့နာယက ကလည်း ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်း အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။
၂၀၁၆ ခုနှစ် ဇွန်လ ၂၆ ရက်
