ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နိုင်ငံနှင့်ပြည်သူအကျိုးကို ဖြူဖြူစင်စင် ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် ဝိုင်းဝန်းဖော်ဆောင်ပေးရန်မှာကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါ ခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များအား ၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် (၁၀) နာရီ၌် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူများခံစားနေရသည့် ဒုက္ခများကို နည်းမှန်လမ်းမှန်ဖြင့် ကုစားပေးရန် လိုအပ် ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆင်းရဲနွမ်းပါးပြီး တိုင်းပြည်မှာ ဆင်းရဲချို့တဲ့နေသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လိုအပ်သည်ထက်ပို၍ ခံစားမနေ သင့်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုခရီးစဉ်မှာ မိမိလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီးနောက်ပိုင်း (၆) ကြိမ် မြောက်ခရီးစဉ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်ရခြင်းမှာ လွှတ်တော်လုပ်ငန်းစဉ်များ ရှင်းလင်းရန် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်းပြည့်ဝမှသာ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သည့် လွှတ်တော်များမှာလည်း အားကောင်းမောင်းသန်ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ၏  အဓိကတာဝန်မှာ ဥပဒေပြုရေးတာဝန်ဖြစ်ကြောင်း။

မိမိတို့သည် ဥပဒေပြုသူများဖြစ်သည့်အတွက် ဥပဒေကိုလေးစားလိုက်နာရန် လိုအပ်ကြောင်း၊ အထူးသဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာအာဏာသည် ပြည်သူထံမှဆင်းသက်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံမူဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စများကို စောင့်ကြည့်ထိန်းညှိ နိုင်သော်လည်း ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဖြစ်စေရန် သတိပြုရမည်ဖြစ်ကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို သိရှိရန်လိုအပ်ကြောင်း၊ လုပ်ပိုင်ခွင့် အပိုင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများနှင့် ဥပဒေကြမ်းများ တင်သွင်းခွင့်ရှိကြောင်း၊ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းချက်၊ ကန့်သတ်ချက်များကို သိရှိရန်လိုကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများကိုလည်း လေးစားလိုက်နာရန် လိုအပ် ကြောင်း။

မိမိတို့အနေဖြင့် ဆောင်ရွက်ခွင့်ရသည့်အချိန်တွင် မျိုးဆက်သစ်များအတွက် ဒီမိုကရေစီ အခြေခံ အုတ်မြစ်များ တည်ဆောက်ပေးရေး၊ လူ့အခွင့်အရေးအခြေခံအုတ်မြစ် ဆောင်ရွက်ပေးရေး၊ အနာဂတ် ကာလတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရေးတို့ကို ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ဖြူဖြူစင်စင် ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် ဝိုင်းဝန်းဖော်ဆောင် သွားကြစေလိုကြောင်း၊ တရားမျှတသော လူအဖွဲ့အစည်း တည်ဆောက်ရေးနှင့် အဂတိကင်းရှင်းသော လူ့အသိုင်းအဝိုင်း တည်ဆောက်ရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် အခွင့်သာခိုက် တွင်လိပ်ပြာသန့်သန့်ဖြင့် သမိုင်းဝင်အောင် ဆောင်ရွက်ကြစေလိုကြောင်း စသည်တို့ကိုရှင်းလင်း ပြောကြား သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်များ၏ မေးမြန်းတင်ပြချက်များ အပေါ်ရှင်းလင်း ပြောကြား ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၄ ရက်

Standard (Image)