ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အားတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။အဆို ပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မိမိတို့သည် ပြည်သူ့လူထုမှ တာဝန် ပေးထားသည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက်  လွှတ်တော်အစည်းအဝေးများ ရပ်နားချိန်တွင် မဲဆန္ဒရှင်ပြည်သူများထံ သွားရောက်၍ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ပါ   ကြောင်း၊  ဒီမိုကရေစီနိုင်ငံများ၌ လွှတ်တော်အခြေခိုင်မှ အုပ်ချုပ်ရေး ခိုင်မာမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် လွှတ်တော်နှင့် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာမြင့်မားရန်နှင့် ဂုဏ်ရောင်ပြောင်ရန် ကြိုးစားရာတွင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် မေးခွန်းများ မေးမြန်းရာတွင် ကျိုးကြောင်းခိုင်လုံမှု ရှိ၊ မရှိ၊ မေးခွန်း၏ အင်္ဂါရပ်ဖြင့် ညီညွတ်မှု ရှိ၊ မရှိ စဉ်းစားသုံးသပ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 အဆိုတင်သွင်းရာတွင်လည်း အချိန်အခါနှင့် ကိုက်ညီမှု ရှိ၊ မရှိနှင့် အဆို၏ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ တင်သွင်းသင့်ပါကြောင်း၊ ဥပဒေကြမ်းများ တင်သွင်းရာတွင် အနာဂတ်ကို ရှေးရှု၍ နိုင်ငံတော်နှင့် ပြည်သူများအကျိုးရှိနိုင်မည့် ဥပဒေကြမ်းများဖြစ်ရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယားနှင့်အညီ တင်သွင်းဆောင်ရွက်သင့်ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ အကျိုးနှင့် နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်သည့်အခါတွင် မိမိတို့ တွေ့ကြုံရသည့် အခက်အခဲများထက် ပြည်သူများ၏ ဒုက္ခဝေဒနာကို ရှေးရှု၍ ကုစားပေးရန်လိုပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်၏ အခြေခံ အုတ်မြစ်ခိုင်မာရေးအတွက် ဆောင်ရွက်သည့် ယခုလိုအခွင့်သာသည့် အချိန်တွင် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွားကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း။

ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် တရားဥပဒေစိုးမိုးမှု ရှိရမည် ဖြစ်ပါကြောင်း၊ တရား ဥပဒေစိုးမိုးမှုရှိမှ လူအခွင့်အရေးကို အပြည့်အဝခံစားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် တောင်ပေါ် မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီ၏ အသီးအပွင့်များနှင့် ပန်းရနံများသင်းပျံ စေရန် အတွက် အားလုံးက တက်ညီလက်ညီ   ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းကြစေလိုပါကြောင်း စသည် ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့ဗဟိုပြုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေးခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်

Standard (Image)