ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်လုပ်ငန်းစဉ်များအတွက် အဓိကထားလာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့သည့် ဥပဒေပြုရေး မဏ္ဍိုင်မှ ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် တည်ဆဲဥပဒေများကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်သည် ပြည်သူများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် မိမိတို့ လွှတ်တော်ကိုယ် စားလှယ်များထံ ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဆိုခြင်းသည် ဒီမိုကရေစီ၏ အခြေခံမူဖြစ်ပါကြောင်း၊ ပြည်သူ့ထံမှ ဆင်းသက် သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်တွင် မိမိတို့က ဥပဒေပြုရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့သည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ဥပဒေပြုရေး အာဏာကို အကောင်အထည်ဖော်ဆောင်ရွက်ရသော်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါကြောင်း၊ ဥပဒေပြုရေးအပိုင်းရှိ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် လုပ်ပိုင်ခွင့်တာဝန်နှင့် ကျင့်ဝတ်များရှိပါကြောင်း၊ လုပ်ပိုင်ခွင့်အပိုင်း၌ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများနှင့် ဥပဒေကြမ်းများ တင်သွင်းနိုင်ခြင်းရှိပါကြောင်း၊ ကျင့်ဝတ်သိက္ခာအပိုင်း၌ ကိုယ်စားလှယ်တစ်ယောက်၏ ကျင့်ဝတ် သိက္ခာနှင့်အညီ လေးစားလိုက်နာ ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ်တွင် အလွဲသုံးစား မပြု လုပ်ရန် လိုအပ်ပါကြောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ရိုးသားမှန်ကန်စွာဖြင့် ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူများသည် ဆင်းရဲ နွမ်းပါး၍ တိုင်းပြည်မှာလည်း ဆင်းရဲချို့တဲ့နေသည့် အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လိုအပ်သည်ထက် ပို၍ ခံစားမနေသင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံ၍ ဆောင်ရွက်သင့်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်တင်အိတို့က လွှတ်တော် လုပ်ငန်းများ ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည် ဆွေးနွေးခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်
