မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union- MPU) ဖွဲ့စည်းရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁၂) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်

တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများ မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဆောင်ရွက်သော အစည်းအဝေး သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလတွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့သည် ပထမအကြိမ် လွှတ်တော် များနှင့်အတူ သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်၍ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများက ဆွေးနွေးညှိနှိုင်းပြီး သဘောထားပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားရာတွင် MPU သည် ယခင်ပါလီမန်ခေတ်က ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ပထမအကြိမ်လွှတ်တော် သက်တမ်းကာလတွင်လည်း ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လွှတ်တော်များ ညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဖွဲ့စည်းခဲ့ပါကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်ကို ချောချောမွေ့မွေ့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးနှင့် လွှတ်တော် အသီးသီး၏ လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စွာ ညှိနှိုင်းပူးပေါင်း လုပ်ဆောင်နိုင်ရေး အတွက် MPU သည် ဖွဲ့စည်းဆောင်ရွက်သင့်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့က အကြံပြုဆွေးနွေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများက မြန်မာ နိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ကြပြီးဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေး ပြီးစီးခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်

Standard (Image)