ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာအက်ဇဲလ်ဗန်ထရောဇန်ဘာ့ခ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်၊ အတွင်းရေးမှူး ဒေါ်ခင်စန်းလှိုင်၊ အဖွဲ့ဝင် ဦးစိုင်းထွန်းအောင်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်လေးနှစ်မှ စတင်၍လုပ်ငန်းများ ဆောင်ရွက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများတွင် အထောက်အကူများပေးခဲ့မှု၊ မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် အထောက်အကူပေးခြင်း အပါအဝင် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၊ ကမ္ဘာ့ဘဏ်အနေဖြင့်  မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ ငွေရေးကြေးရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အကူအညီပေးရေးအတွက် သုံးသပ်လေ့လာ ဆန်းစစ်သွားရေး၊ မြန်မာနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများကို အကူအညီပေးရာတွင် လွှတ်တော်အပိုင်းက ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာ့ဘဏ်မှ ငွေကြေးအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ၂၂ ရက်   

Standard (Image)