လွှတ်တော်ရုံးများ၏ ၂၀၁၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲတွင် လွှတ်တော်ဝင်းအတွင်း၌ စုပေါင်းကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီ အတွင်းရေးမှူးများ၊ လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၁၆ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ နှင့် ကော်မတီ အတွင်းရေးမှူးများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သပြေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ခရေပင်နှင့် မဉ္ဇူသက္ကပင်များကို စုပေါင်းစိုက်ပျိုးကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့က လိုက်လံကြည့်ရှုအားပေးကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်
