လွှတ်တော်ရုံးအသီးသီး၏ စတုတ္ထအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတရာမ ဈေးကုန်းကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီး အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြသည်။
ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် လွှတ်တော်ရုံးများမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်
