ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မကွေးမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာများ ရှင်းလင်းပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့်တွေ့ဆုံစဉ် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်လိုသူများသည် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်ခြင်း၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်း ဆိုသည့် ဒီမိုကရေစီ၏ တန်ဖိုးများကို နားလည်ယုံကြည် လက်ခံပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း မိသားစု စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုက်သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ် များသည် ဥပဒေပြုရေးမဏ္ဍိုင်တွင် ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များဖြစ်၍ မိမိတို့ကိုယ်တိုင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုမူနေထိုင်၊ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြရန် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းနားလည်းအောင် စနစ် တကျလေ့လာထားရန် လိုအပ်ပါကြောင်း။

ထို့ပြင် လွှတ်တော်၌ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များ၊ စည်းကမ်းချက်များ၊ တားမြစ်ချက်များနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ မိမိတို့တင်သွင်း မေးမြန်းမည့် မေးခွန်းနှင့် အဆိုများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့ အမျိုးသားရင်ကြားစေ့ရေးမှုနှင့်လည်း ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အစိုးရ၏ ပေါ်လစီ၊ အခြေအနေ အချိန်အခါနှင့်လည်း ကိုက်ညီရန်လိုအပ်ပါ ကြောင်း။

ဥပဒေကြမ်းများ တင်သွင်းမည်ဆိုပါကလည်း ဖွ့ဲစည်းပုံအခြေခံ ဥပဒေပါဇယား နှင့် ကိုက်ညီမှုရှိ၊ မရှိ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်ဆီလျှော်မှုရှိ၊ မရှိ၊ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အကျိုးဖြစ်ထွန်းမှု ရှိ မရှိ လေ့လာစိစစ်ရန် လိုအပ်ပါကြောင်း။

ဥပဒေကြမ်းတစ်ခုကို ပြုစုရေးဆွဲရာတွင် မည်သည့်အတွက်ကြောင့် ရေးသည်ဆိုသည့် ရည်ရွယ်ချက်နှင့် မည်သူများအကျိုးအတွက်  ရေးသည်ဆိုသည့် အကျိုးဖြစ်ထွန်းမှုများကို လိုရင်းတိုရှင်း၊ စကားလုံး အထားအသို မှန်မှန်ကန်ကန်ဖြင့် ပေါ်လွင်အောင်ရေးသားနိုင်ရေးကို အလေးအနက်ထား စဉ်းစားရန်လိုပါကြောင်း၊ လွှတ်တော်၌ ဆွေးနွေးကြရာတွင် အချက်အလက်များ၊ အထောက်အထားများဖြင့် အပြုသဘောဆောင်၍ အကြံပြုဆွေးနွေးမှုများ ဖြစ်ရန်လည်း အရေးကြီးပါကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ မဲဆန္ဒရှင် များ၏ သဘောထားများကို လွှတ်တော်သို့တင်ပြခြင်း စသည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှုများကို အထူးရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့် ပြောဆိုဆက်ဆံရာတွင် ပြည်သူသာ အမိ ပြည်သူသာ အဖဆိုသည်ကို မမေ့လျော့ကြရန်လိုအပ်ကြောင်း။

ထို့အတူ ရပိုင်ခွင့်နှင့် အခွင့်အရေးများကိုသုံးစွဲရာ၌ မရှိမဖြစ်လိုအပ်ချက်ထက် ပိုမိုမသုံးစွဲကြရန် လိုကြောင်း၊ မိမိတို့ တာဝန်ယူချိန်ကာလတွင် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးခြင်းသည် သမိုင်းတွင် မွန်မြတ်သည့် တာဝန်ယူမှုအဖြစ် ထင်ကျန်ရစ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရားမျှတသည့် လူ့အဖွဲ့အစည်းနှင့် အဂတိကင်းစင်သည့် လူ့အသိုင်းအဝိုင်းကို တည်ဆောက်ကြရန်လိုအပ်ကြောင်း၊ အဆိုပါ လူ့အဖွဲ့အစည်းနှင့် လူ့အသိုင်းအဝိုင်း တည်ဆောက်နိုင်ရေးသည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းရေးပင်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်စားလှယ်များ၏ ယာယီသက်သာမှုကို ငဲ့ကွက်မစဉ်းစားဘဲ နောင်မျိုးဆက်များ ခံစားကြရမည့် ရေရှည်အကျိုးစီးပွားကို အလေးအနက်ထား စဉ်းစားပြီးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ်နှင့် ဒုတိယ အကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော်မှ ဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့မှု၊ အစည်းအဝေးများကျင်းပနိုင်ခဲ့မှုနှင့် အစည်းအဝေး ဆောင်ရွက်ချက်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ကွင်းဆင်းဆောင်ရွက်ခဲ့မှု၊ အဆိုနှင့် မေးခွန်းများ တင်သွင်းမေးမြန်းခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအားလုံး အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် မဲဆန္ဒရှင် မိဘပြည်သူများ၏ အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရတာဝန်ကို  မာန်မာန မထားဘဲ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ ၁၃ ရက်

Standard (Image)