ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်သည် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက် နံနက် (၁၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ လွှတ်တော် ကိုယ်စားလှယ်များ အား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ လွှတ်တော်အတွင်း မေးခွန်းနှင့်အဆိုများ တင်သွင်းရာတွင် အခြေအနေအချိန်အခါနှင့်လည်း ကိုက်ညီသင့်ကြောင်း၊ ဥပဒေကြမ်းများ တင်သွင်းမည် ဆိုပါကလည်း ဖွ့ဲစည်းပုံ အခြေခံဥပဒေပါ ဇယားနှင့် ကိုက်ညီမှုရှိ/မရှိ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်လည်း ဆီလျှော်မှုရှိ/မရှိ၊ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးအတွက် ဟုတ်၊ မဟုတ်လေ့လာစီစစ်ရန် လိုအပ်ကြောင်း၊ ဥပဒေကြမ်းတစ်ခုကို ဘာကြောင့်ရေးသလဲ၊ ဘယ်သူတွေအတွက် ရေးသလဲ၊ တိုတိုနှင့်လိုရင်း ဖြစ်ရဲ့လား အဓိပ္ပါယ်တိကျရှင်းလင်းရဲ့လား၊ အများပြည်သူ နားလည်လွယ်ရဲ့လား အလေးအနက်ထားစဉ်စားရန် လိုကြောင်း၊ လွှတ်တော်အတွင်း ဆွေးနွေးကြရာတွင် အချက်အလက်များ၊ အထောက်အထားများ မှန်ကန်စွာဖြင့် အပြုသဘောဆောင်၍ အကြံပြု ဆွေးနွေးရန်လိုကြောင်း၊ အကြောင်းအရာ နှင့်သက်ဆိုင်သည့် ဆွေးနွေးမှုများ ဖြစ်ရန်အရေးကြီးကြောင်း။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒနယ်ရှင်များကို လွှတ်တော် အတွေ့အကြုံ ရှင်းလင်းခြင်း၊ မဲဆန္ဒနယ်ရှင်များ၏ သဘောထားများကို လွှတ်တော်သို့တင်ပြခြင်း စသည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှုများကို အထူးရှောင်ကြဉ်ရန်လိုကြောင်း၊ ပြည်သူလူထုနှင့် ပြောဆိုဆက်ဆံရာတွင် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည်ကို မမေ့လျော့ကြရန်လိုကြောင်း၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို သုံးစွဲရာတွင် မရှိမဖြစ်လိုအပ်ချက်ထက် ပိုမိုမသုံးစွဲကြရန်လိုကြောင်း၊ တာဝန်ယူချိန်ကာလမှာ တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ပေးခြင်းသည် သမိုင်းမှာမွန်မြတ်သည့် တာဝန်ယူမှုအဖြစ် ထင်ကျန်ရစ် မည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် (၃) ရပ်တွင် အပြန် အလှန်ထိန်းကြောင်းရေးသည် အလွန်အရေးကြီးပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းနှင့် အဂတိကင်းစင်သည့် လူ့အသိုင်းအဝိုင်းကို တည်ဆောက်ကြရန်လိုကြောင်း၊ ယင်းတို့ တည်ဆောက်နိုင်ရေးသည် မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီအခြေခံ အုတ်မြစ်ခိုင်မာတောင့်တင်းရေးပင် ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များ၏ ယာယီသက်သာမှုကို ငဲ့ကွက်မစဉ်းစားဘဲ နောင်မျိုးဆက်များ ခံစားကြရမည့် ရေရှည်အကျိုးစီးပွားကို အလေးအနက်ထား စဉ်းစားပြီး ဆောင်ရွက်ရန်အထူး လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းတင်သွင်းခြင်းဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နှင့် ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှင်းလင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်
