ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် နှင့် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ခင် တို့သည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက်၊ မြန်မာ-အမေရိကန် လူမျိုးကွန်ယက်အသင်း (Network of Myanmar American Association-NetMAA) မှ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင် နှင့် ဒုတိယဥက္ကဋ္ဌ ဦးသခင်ခိုင်ဘွား ခေါင်းဆောင်သော အဖွဲ့အား ၂၀၁၆ ခုနှစ် မေလ ၂၄ ရက်နေ့ ညနေ (၁၅း၃၀) နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇာနည်မင်း၊ ဒေါ်နန်းမိုး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာလူမျိုးများက မြန်မာနိုင်ငံသို့ လာရောက်၍ တတ်နိုင်သမျှ ကူညီပေးရေး၊ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များ အမေရိကသို့ လာရောက်လေ့လာရေး၊ အမေရိကရောက် မြန်မာနိုင်ငံလူမျိုးများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ် မေလ ၂၄ ရက်
