လွှတ်တော်ကိုယ်စားလှယ်များသို့ ကမ္ဘာ့ဘဏ်အုပ်စုမှ ရေးသားပြုစုထားသော မူဝါဒအကြံပြုစာတမ်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ကမ္ဘာ့ဘဏ်အုပ်စုမှ ရေးသားပြုစုထားသော မူဝါဒအကြံပြုစာတမ်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နေ့လယ် (၂) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မန်နေဂျာ Mr. Abodoulaye Seck မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကမ္ဘာ့ဘဏ်သည် ကမ္ဘာသူကမ္ဘာသားများ ဆင်းရဲမှုလျှော့ချရေး၊ ချမ်းသာကြွယ်ဝ လာပါက အညီအမျှခွဲဝေ ခံစားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အရေးပါပုံနှင့် ကမ္ဘာ့ဘဏ်၏ လုပ်ဆောင်ချက်များအား မိတ်ဆက် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက် (၆) ချက်ပါဝင်သော “အားလုံးသွားကြစို့” ဗီဒီယိုဇာတ်လမ်းတိုအား ပြသသည်။

ထို့နောက် ကမ္ဘာ့ဘဏ်၏ မူဝါဒအကြံပြုချက်များကို ဌာနေကိုယ်စားလှယ် စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က မိတ်ဆက်စကား ပြောကြားသည်။  

ဆက်လက်၍ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအကာအကွယ် စောင့်ရှောက်မှုနှင့် စပ်လျဉ်းသည့် ကွာဟချက်များ လျှော့ချခြင်းကဏ္ဍကို Human Development Specialist ဒေါ်နန်းမိုခမ်းက လည်းကောင်း၊ အားလုံးအတူဖွံ့ဖြိုး တိုးတက်ခြင်းကဏ္ဍကို Senior Social Development Specialist Mr. Nikolas Myint ကလည်းကောင်း၊ စီးပွားရေးအခြေအနေသစ်များ ဖန်တီးခြင်းကဏ္ဍကို Operations Officer ဦးသစ္စာက လည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့အတူ အနာဂတ်အတွက် ငွေရေးကြေးရေးကဏ္ဍကို ငွေကြေး စီမံခန့်ခွဲမှု ပညာရှင် ဒေါ်နန်းဌေးဌေး က လည်းကောင်း၊ မြန်မာ့စွမ်းအင် မြှင့်တင်ခြင်း ကဏ္ဍကို စွမ်းအင်ပညာရှင် ဦးမျိုးမြင့် က လည်းကောင်း၊ အပြောင်းအလဲတွင် ပါဝင်ခြင်းကဏ္ဍကို Program Leader  Mr. Shabih A.Mohibu က လည်းကောင်း ရှင်းလင်းရာ တက်ရာက်လာသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သိလိုသည့်အချက်များကို ကဏ္ဍာများအလိုက် မေးမြန်းခဲ့ကြသည်။

ထို့နောက် Mr. Abdoulaye Seck က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်အုပ်စုမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မေလ ၁၇ ရက်

Standard (Image)