နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်၍သွားနေကြောင်း၊ ရေရှည်အကျိုးကိုကြည့်၍ အပြန်အလှန်နားလည်မှု၊ သည်းခံမှု၊ လေးစားယုံကြည်မှုများဖြင့် အားလုံးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြစေလိုကြောင်း၊ ငြိမ်းချမ်းပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆိုလျှင် အားလုံးအချင်းချင်း ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ နံနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၎င်း၏လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အသွေး မြှင့်တင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အဂတိတရားကင်းရှင်းရေး၊ အုပ်ချုပ်ရေးနှင့် လွှတ်တော်များပူးပေါင်း၍ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည့်အတွက် ပြည်သူများ၏ အခက်အခဲများ ကို ဖြေရှင်းပေးရမည့် တာဝန်မှာ မိမိတို့အလုပ်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒ၊ လိုအပ်ချက်များကို လွှတ်တော်သို့ တင်ပြပေးရမည်ဖြစ်ပြီး လွှတ်တော်အတွေ့အကြုံများကို ပြည်သူသိရှိရန် ရှင်းပြပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ မဲဆန္ဒနယ်များကို ကွင်းဆင်း၍ ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို ထဲထဲဝင်ဝင်သိရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်သည့် အနေအထားမျိုးမဖြစ်အောင် သတိပြုရမည်ဖြစ်ပြီး ညှိနှိုင်းပေါင်းစပ်သည့် သဘောဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန်ထိန်း ကျောင်းခြင်းနှင့် ဝင်ရောက် စွက်ဖက်ခြင်း ကြားတွင် အလွှာပါးပါးလေးသာ ခြားထားသည့်အတွက် မကျော်လွန်မိစေရန် သတိထား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း။
ပြည်သူများအကျိုးအတွက် ဆောင်ရွက်ပေးရာတွင်လည်း ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ရိုက်စေခြင်း မျိုးမဖြစ်အောင် အထူးသတိပြုရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်များကို အသုံးပြုရာတွင်လည်း အလွဲသုံးစားပြုသည့် သဘောမဖြစ်အောင် သတိပြုရမည်ဖြစ်ကြောင်း၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ စိတ်မွေးမြူ၍ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ဆက်ဆံကြစေ လိုကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာဖြင့် နေထိုင်ကြရန် လိုကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များသည် လွှတ်တော်လုပ်ငန်းစဉ်ကို ဟန့်တားနှောက်ယှက်သည့် သဘောမဖြစ်စေရန် သတိပြုရမည်ဖြစ်ကြောင်း၊ မတူကွဲပြားသည့် အယူအဆများကို သဘောထားကြီးကြီးဖြင့် စိတ်ရှည်သည်းခံပြီး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေများသည် မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
ဥပဒေများပြုရာတွင်လည်း အဂတိတရားကင်းစင်သည့် လူ့အသိုင်းအဝိုင်း ပေါ်ပေါက်လာရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို အထောက်အပံ့ဖြစ်သည့် ဥပဒေများဖြစ်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံကို ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်အောင် လွှတ်တော်ကိုယ်စားလှယ်များက အခြေပြု၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာ ကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် သည်။
၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
