ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ၂၀၁၆ ခုနှစ် ဧပြီလ  ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

ထိုသို့တွေ့ဆုံရှင်းလင်းရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီနိုင်ငံတော်တွင်  ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာတို့ကို အညီအမျှခွဲဝေပိုင်းခြား သုံးစွဲပါကြောင်း၊   နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူများထံမှ ဆင်းသက်ပြီး ပြည်သူလူထုထံတွင်သာ ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုရေး တာဝန်ကို အဓိကထား ထမ်းဆောင်ရသည် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ပါမှ အခြားမဏ္ဍိုင်၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို အလေးထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း အလုပ်လုပ်ကြရမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ကိုရွေးချယ်ပေးလိုက်သည့် ပြည်သူများထံ အရောက်သွားပြီး ပြည်သူများ၏ဆန္ဒ၊ လိုအပ်ချက်များကို ဖော်ဆောင်သည့် မေးခွန်းများမေးမြန်းခြင်း၊ အဆိုနှင့် ဥပဒေကြမ်းများ တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းက ပို၍အောင်မြင်မှု ရရှိနိုင် ပါကြောင်း။

ဥပဒေပြုရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီရန်လိုအပ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေသည့် ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေများသည် ဒီမိုကရေစီစံချိန်စံညွှန်းများ၊ လူအခွင့်ရေး စံနှုန်းများနှင့်ညီရ မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ချုပ်ဆိုထားသော စာချုပ်၊ ပဋိညာဉ်သဘောတူ ညီချက်များနှင့်လည်း ညီညွှတ်မှုရှိ/ မရှိ သေချာစွာ စိစစ်ကြရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်တွင် လူနည်းစု၏တင်ပြချက်ကို အလေးအနက် ထားရမည်ဖြစ်ပြီး လူအများစု၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ပါ ကြောင်း။

အစိုးရအနေဖြင့် အဂတိတရားကင်းစင်သည့် လူမှုအသိုင်းအဝိုင်း ဖြစ်အောင် ဖော်ဆောင်နေပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူ ကင်းကင်းရှင်းရှင်းဖြင့် ဆောင်ရွက်စေလိုကြောင်း၊ ထို့အပြင် တရားမျှတမှု ရှိရမည် ဖြစ်ပါကြောင်း၊ တရားမျှတမှုခိုင်မာအောင် တည်ဆောက်နိုင်မှ တရားမျှတသည့် လူ့အသိုင်းအဝိုင်းနှင့် ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း ပေါ်ပေါက်လာပြီး ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်အတွက် အားလုံး တက်ညီလက်ညီပူးပေါင်းပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲမထားဘဲ မည်သည့် အဖွဲ့အစည်း၊ ပါတီ၊ ပုဂ္ဂိုလ်များနှင့်မဆို လက်တွဲဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေး အတွက် သင်တန်းများပို့ချနိုင်ရန် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်း၊ အဆိုနှင့်ဥပဒေကြမ်းများ တင်သွင်းခြင်းဆိုင်ရာအချက်အလက်များနှင့် ပညာရေး၊ လူမှုရေးစသည့် ဒေသဖွံ့ဖြိုးရေး အခြေခံလိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကဆွေးနွေး တင်ပြမှုများအပေါ် လွှတ်တော်အပိုင်းမှ ဆောင်ရွက်ရမည့် နည်းလမ်းအဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ပြန်လည်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးတို့နှင့်အတူ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၌ တည်ဆောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံသစ် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။

၂၀၁၆ ခုနှစ် ဧပြီလ  ၂၈ ရက်

Standard (Image)