၁၃၇၈ ခုနှစ်၊ မြန်မာနှစ်ဆန်း၁ရက်၊ နှစ်သစ်မင်္ဂလာအခါတော်နေ့ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာ အခမ်းအနားကျင်းပ

၁၃၇၈ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်ရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်ရှိ မစိုးရိမ် ကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တကာရုည အမှူးပြုသော သံဃာတော် အရှင်မြတ် တို့ ကြွရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကာရုညထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက်သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်မြတ်များထံ  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အမှူးပြုသော ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်  ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၁၇ ရက်

 

Standard (Image)