ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇဗ္မူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီ အလိုက် ဆောင်ရွက်နေသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ တွေ့ရှိချက် အစီရင်ခံစာများနှင့် သုံးသပ်အကြံပြုဆွေးနွေးချက်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်
