ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် နယူး ဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှနှင့် အမေရိကဌာနတာဝန်ခံ၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအန်ဒရီယာစမစ်အား ယနေ့မွန်းလွဲ ၁၂နာရီခွဲ တွင် နေပြည်တော် ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် I-1 ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးစိုင်းဆိုင်မိုင်း၊ ဒေါ်နန်းမိုး၊ ဦးဇော်သိန်း၊ ဒေါ်မိကွန်ချမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်အခန်းကဏ္ဍတွင် ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် အားပေးကူညီသွားမည့် ကိစ္စရပ်များကို လာရောက် ရှင်းလင်းဆွေးနွေးတင်ပြမှုအပေါ် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်မှ မြန်မာနိုင်ငံ၏ လွှတ်တော်ဆိုင်ရာလုပ်ငန်းများတွင် အားပေးကူညီဆောင်ရွက် မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျေးဇူတင်အမှာစကားပြောကြားပြီး လွှတ်တော်များ၏ လက်ရှိဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်
