ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်သည် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကရူဂျယဆူရီယ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် သီရိလင်္ကာလွှတ်တော် ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် သီရိလကာၤနိုင်ငံတို့မှာ ရှေးယခင်ကတည်းက ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် တူညီခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ကောင်းမွန်သည့် ဘက်ကို ရောက်ရှိနေပါကြောင်း၊ ထို့နောက် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲ မှုများ၊ လက်ရှိအုပ်ချုပ်ရေးစနစ်၊ လွှတ်တော်တွင် ဥပဒေပြုရေး ဆောင်ရွက်နေမှုများ၊ လွတ်လပ်သည့် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။
အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံမှာ ဘာသာရေး၊ ယဉ်ကျေးမှုတို့ တူညီကြသည့်အပြင် နိုင်ငံရေးဖြတ်သန်းမှုမှာလည်း တူညီပါကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၄၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို မြှင့်တင်သွား မည်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံမှာ ဘင်မ်းစတက်စ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှာ ခိုင်မြဲပြီးဖြစ်ပါကြောင်း၊ လက်ရှိအစိုးရလက်ထက် လွှတ်တော်၊ အစိုးရအဖွဲ့တို့တွင် အာဏာခွဲေ၀ ကျင့်သုံးမှု၊ အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွှတ်တော်တွင်း ဥပဒေများ ပြန်လည်ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းများ ဆောင်ရွက် နေပါကြောင်းတို့ကို ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်း၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mr. K.W.N.D.Karunaratne လည်း တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်
