ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၊ အောင်ဆန်းစီမံကိန်းဆိုင်ရာကိစ္စရပ် များနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံရှင်းလင်း

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်းညွှန်ကြား ချက်ဖြင့် မြန်မာနိုင်ငံသို့ အကူအညီပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လာရောက်ခဲ့သော ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ  Mr. Akio Kawakami ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (၉) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ်  ဂျပန်-မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံလွှတ်တော်များသို့ အပြန်အလှန် သွားရောက် လေ့လာနိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ ရှိရင်းစွဲ နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု ဖော်ဆောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် စက်မှုနည်းပညာ အကူအညီပေးရေး၊ ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ထောက်ပံ့ကူညီမည့် စီမံကိန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အောင်ဆန်းစီမံကိန်း (Japan-Myanmar Vocational Training Institute Aung San Project) အား အကောင်အထည်ဖော် ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်  ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း နှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် အဖွဲ့ဝင် ဒေါက်တာဦးခင်မောင်မောင်တို့ တက်ရောက် ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၂၂  ရက်

Standard (Image)