ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် (၉း၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သ့ူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ဒုဥက္ကဋ္ဌများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၄၆၅) ဦး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန်များသမဂ္ဂ (IPU) တို့မှ ဌာနေကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများနှင့် ပါလီမန်များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ်နှင့် ၎င်းအစီအစဉ်များနောက်တွင် ဆက်လက်ဆောင်ရွက်သွားမည့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များသည် ဒီမိုကရေစီစနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် အားဖြည့်ကူညီမှုများ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် ကိုယ်စားပြုခြင်း အစီအစဉ်များပါဝင်ပြီး ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မည်သို့ အောင်မြင်စွာ ထိတွေ့ ဆောင်ရွက်ရမည်ကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကို ထောက်ပံ့ကူညီကြသော UNDP, IPU နှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ယခုအစီအစဉ်မှ ဥပဒေပြုရန် လိုအပ်ပုံ၊ ဥပဒေ၏ အကျိုးသက်ရောက်မှုများ၊ ဥပဒေ၏ ရည်ရွယ်ချက် အောင်မြင်ရန် အကြောင်းအရင်းများ စသည့် ဥပဒေပြုရေးနှင့် သက်ဆိုင်သည့် သဘောတရားများကို ရရှိနိုင်မှာဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်များအနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော်ဆိုသည်မှာ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက်အသုံးချဖို့ မဟုတ်ကြောင်း၊ ရာထူးနေရာရဖို့အတွက်လည်း မဟုတ်ကြောင်း နှင့် ကိုယ်စားလှယ်အားလုံးက နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အတတ်နိုင်ဆုံး ကြိုးစားရမည့် နေရာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien နှင့် ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ Hon. Raza Rabbani တို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်က အစီအစဉ် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြ၍ ပါဝင်ဆွေးနွေးကြမည့် နိုင်ငံတကာ ပါလီမန်များမှ ကျွမ်းကျင်ပညာရှင်များကို မိတ်ဆက်ပေးသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါအစီအစဉ်၌ ရှင်းလင်းဆွေးနွေးမည့် လွှတ်တော်လုပ်ငန်းဆိုင်ရာ ဘာသာရပ်များတွင် ဒီမိုကရေစီနှင့် လူထုခေါင်းဆောင်ပြုမှု၊ ကိုယ်စားလှယ်များ၏ တာဝန်နှင့် အခန်းကဏ္ဍအမျိုးမျိုး၊ ကိုယ်စားလှယ်ကောင်းတစ်ယောက်၏ ဝိသေသ လက္ခဏာရပ်များ၊ အာဏာခွဲဝေခြင်းနှင့် ဥပဒေပြုသူများ၏ အခန်းကဏ္ဍ၊ အချုပ်အခြာအာဏာနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း၊ လွှတ်တော်ကော်မတီများ၊ ဥပဒေပြုရေး လုပ်ငန်းစဉ်နှင့် အမျိုးသမီးကိုယ်စားလှယ်များ ရင်ဆိုင်နေရသော အခက်အခဲများ စသည့် အကြောင်းအရာများပါဝင်ပြီး UNDP/IPU နှင့် နိုင်ငံတကာ ပါလီမန်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း (၁၈)ဦးတို့က စုပေါင်း ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း အစီအစဉ်များကို လွှတ်တော်ရုံးအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၎င်းအစီအစဉ်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာပါလီမန် များသမဂ္ဂ (IPU)၊ ဘူတန်၊ ဟောင်ကောင်၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ အရှေ့တီမောနှင့် ဗြိတိန်နိုင်ငံတို့မှ အစိုးရအဖွဲ့၊ ပါလီမန်များနှင့် လွှတ်တော်ရုံး အသီးသီးတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပေါ်ပေါက်လာသည့် အစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်

Standard (Image)