ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ် မှတ်တမ်းများ ရှင်းလင်းပြ သခြင်းကိုယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် နာယကရုံးခန်း၌ ဆောင်ရွက်ခဲ့ပါသည်။
သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်မှတ်တမ်းများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် တာဝန်ထမ်းဆောင်မည့် မန်းဝင်းခိုင်သန်းအား ရှင်းလင်း ပြသခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မန်းဝင်းခိုင်သန်းအား ဂုဏ်ပြုစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်ကြပါသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ဇမ္ဗူသီရိဆောင်ရှိ လွှတ်တော် စာကြည့်တိုက်နှင့် မှတ်တမ်းမော်ကွန်းဌာန၊ လေ့ကျင့်ရေးဗဟိုဌာနနှင့် သင်တန်းခန်းမများ၊ e-Library ခန်းနှင့် ဧည့်သည်တော်လက်ခံတွေ့ဆုံသည့်ခန်းမများသို့ ကြည့်ရှုစဉ် ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းပြသခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်
