ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ဦးဝင်းမြင့် ထံသို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာ တမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး ပထမနေ့ အစီအစဉ်များအပြီး နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ဦးဝင်းမြင့်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ဦးဝင်းမြင့် အား ဂုဏ်ပြုစကားပြောကြားသည်။
အဆိုပါ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲသို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်
