မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့၏ ၂၀၁၆ ခုနှစ်အတွင်း ကျင်းပသည့် ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်သကဲ့သို့ ပထမအကြိမ် လွှတ်တော်သက်တမ်း၏ နောက်ဆုံး အစည်းအဝေးလည်း ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြည်ထောင်စုလွှတ်တော် နာယက အဖြစ်တာဝန်ယူစဉ်က မိမိတို့နိုင်ငံ လွှတ်တော်အသီးသီး အတွက် အမြော်အမြင်ကြီးစွာ ပူးပေါင်း ညှိနှိုင်းလုပ်ဆောင်ခဲ့မှုအရ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) ဖြစ်ပေါ်လာခြင်း ဖြစ်ပါကြောင်း၊ MPU ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် ပြည်ထောင်စုလွှတ်တော် တို့၏ ချိတ်ဆက်မှု အားကောင်းလာပြီး လုပ်ငန်းများလည်း ပိုမို၍ ထိထိရောက်ရောက် ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ MPU ဖွဲ့စည်းပြီးနောက် လွှတ်တော် အသီးသီး၏ အသွင်သဏ္ဍာန်ပိုင်း၊ စွမ်းရည်ပိုင်းများလည်း တိုးတက်မှုရှိလာပါကြောင်း။
MPU ကို ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက် တွင် စတင်ဖွဲ့စည်းခဲ့၍ သက်တမ်း (၄) နှစ် ရှိပြီး အစည်းအဝေးပေါင်း (၁၄) ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ MPU ပေါ်ပေါက်လာပြီးနောက် ပြည်ထောင်စုအဆင့် လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များ၏ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု များစွာတိုးတက်ခဲ့ပြီး အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်း နိုင်ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် တိုင်ပင်၍ ယနေ့အစည်းအဝေး၌ MPU ထုတ်ပြန်ချက်ကြေညာရန် စီစဉ်ထားပါကြောင်း၊ MPU ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များကို အဓိကထား၍ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြီး နိုင်ငံသိ၊ ကမ္ဘာသိ ထုတ်ပြန်သွားရန် ရှိပါကြောင်း။
MPU ၏ ကောင်းမွန်သည့် ဆောင်ရွက်ချက်များကို ယခုအစည်းအဝေးတွင် ဆုံးဖြတ်ပြီး သမိုင်းမှတ်တမ်း ထားခဲ့ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ MPU အနေဖြင့် မည်သည့်ရည်မှန်းချက်များ ထားရှိခဲ့သည်၊ မည်သည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းထားရှိခြင်းဖြင့် MPU ၏ အမွေကောင်းများကို နောင်လွှတ်တော်အသီးသီးက ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ MPU စတင်ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဂုဏ်ပြုမှတ်တမ်း တင်ရမည်ဖြစ်ကြောင်း၊ MPU ၏ အဓိကကျသည့် လုပ်ဆောင်ချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ကောင်းမွန်သော အစဉ်အလာတစ်ခုအဖြစ် ထားရှိခဲ့မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားပြောကြားရာတွင် MPU ကို စတင်ဖွဲ့စည်းစဉ်က ဥပဒေအရမဟုတ်ဘဲ လုပ်ငန်းအစဉ်အလာအရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွှတ်တော်များ၏ ဥပဒေပြုရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ညီညွတ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လွှတ်တော်များအဖွဲ့ (Inter Parliamentary Union – IPU) သို့ အဖွဲ့ဝင်အဖြစ် မဝင်ရောက်မီ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များပါဝင်သည့် MPU ကို ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လွှတ်တော်များအဖွဲ့ IPU တွင်လည်း မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ MPU ကို စံထားအသိအမှတ်ပြုခဲ့သည်ကို ကြားသိခဲ့ရပါကြောင်း။
စနစ်သဘောတစ်ခုကို ဖော်ဆောင်ရာတွင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်သူများသည် အဓိကနေရာက ပါဝင်ပါကြောင်း၊ မိမိတို့ရည်ရွယ်ချက်များ၊ ကြိုးပမ်းမှုများသည် စံပြုလောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ လွှတ်တော်များနှင့် ပတ်သက်၍ အကဲဖြတ်မှုကို အစဉ်အမြဲလုပ်ဆောင်နေရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပထမအကြိမ် လွှတ်တော်များကို ရာသက်ပန် အမြဲတမ်း နှိုင်းယှဉ်ခံနေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ခြင်းသည် တစ်ဦးတစ်ယောက်၏ လုပ်ဆောင်ချက်မဟုတ်ဘဲ အားလုံး၏ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်၍ လွှတ်တော်မှတ်တမ်းနှင့်တကွ လွှဲပြောင်းရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ကြေညာချက် (မူကြမ်း) နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး (၃/၂၀၁၅) အစည်းအဝေး ဆုံးဖြတ်ချက်များ အပါအဝင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြုပြီး တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများက အထွေထွေ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေး မစတင်မီ ဇမ္ဗူသီရိဧည့်ခန်းမ၌ ပြည်ထောင်စုလွှတ်တော် နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ များသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်
