ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကား ပြောကြားရာတွင် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ကျင်းပရန်အတွက် ယခုအစည်းအဝေးကို ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ လွှတ်တော် ခေါ်ယူကျင်းပခြင်းနှင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအခါ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို အကောင်းဆုံး၊ အမှန်ဆုံးဖြစ်အောင် မိမိတို့ လုပ်ဆောင်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက် တာဝန်ယူကြမည့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များ အပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့် အရည်အချင်းပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း။
ယင်းသို့ လုပ်ဆောင်နိုင်မှသာ ပြည်သူများ လိုလားတောင့်တနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်မည် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်သည် စာအုပ်ထဲ၌သာ ထားရှိပြီး ရုပ်ပြ၊ ဟန်ပြ လုပ်ဆောင်ရမည့်ကိစ္စ တစ်ခုမဟုတ်ပါကြောင်း၊ သို့ဖြစ်၍ လွှတ်တော်များ၏ အခန်းကဏ္ဍ မည်သည့်အခြေအနေရှိသည်၊ မည်သို့ဆောင်ရွက်နေသည်ကို မှတ်ကျောက်တင် ဆောင်ရွက်နိုင်ရန် ယခုလွှတ်တော်သက်တမ်း ကုန်ဆုံးချိန်အထိ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ တာဝန်အပေါ်မူတည်ပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နောင်ဖွဲ့စည်းဆောင်ရွက်မည့် လွှတ်တော်များအတွက်လည်း မိမိတို့ဘက်က အမွေကောင်းများ ပေးခဲ့ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အချို့တွေ့ကြုံရသည့် အခြေအနေပေါ်မူတည်၍ မိမိတို့လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အားသာချက်၊ အားနည်းချက်များလည်း ရှိနိုင်ပါကြောင်း၊ ယင်းအချက်များကို နောက်ပိုင်း ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်များက သင်ခန်းစာရယူပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ယနေ့ မြန်မာနိုင်ငံသားများသည် နိုင်ငံရေးရေချိန်မြင့်လာသကဲ့သို့ ဒီမိုကရေစီ ရေချိန်လည်း တစ်နေ့တစ်ခြား မြင့်မားလာပြီ ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှသာ မိမိတို့နိုင်ငံ၏ လက်ရှိ နိမ့်ကျ နောက်ကျနေသည့် အခြေအနေမှ အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ထိုအသိအယူအဆများဖြင့် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံသားများ၏ နိုင်ငံရေးရေချိန်၊ ဒီမိုကရေစီရေချိန် မြင့်မားလာသည် နှင့်အမျှ လွှတ်တော်တွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးနှင့် နိုင်ငံကို အုပ်ချုပ်ရာတွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးအတွက် နောင်အစဉ်အဆက် ပြည်သူများက ရွေးချယ်သွားရမည် ဖြစ်ပါကြောင်း။
ယင်းအတွက်လည်း ပြည်သူများကို မိမိတို့အနေဖြင့် မြင်အောင်ပြသပြီး ထင်ရှားအောင် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်ကို အောင်မြင် အဆင်ပြေစေရန် ဆောင်ရွက်နေသကဲ့သို့ မိမိတို့နိုင်ငံက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်အပိုင်းက ပါဝင်ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့ တာဝန်ကျေ၊ မကျေ သုံးသပ်ရန်လိုကြောင်း၊ ယခု တင်ပြချက်များသည် လွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်အတွက် တင်ပြနေခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံ့အတွက်၊ နိုင်ငံ့ဂုဏ်သိက္ခာအတွက်၊ နိုင်ငံ့ဂုဏ်အင်္ဂါအတွက် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် ဖိတ်ခေါ်လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ၂၀၁၆ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးက စီစဉ်ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကော်မတီ အလိုက်စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်
